ဒို့ရွာသားတွေသွားတာ တစ်ယောက်မှပြန်မလာဘူး..!
မိုး (အထက်မင်းလှ)
စံမှီရွာတွင် ဘကြီးဖြိုးဆိုသူရှိ၏။ လူစိမ်း၊ လူကျက် မရွေး နောက်ပြောင်တတ်သူဟု နာမည်ကြီး၏။ တစ်နေ့တွင်…၊ ပခုက္ကူနယ်ဘက်မှ ရွာစဉ်လျှောက် ကုန်ထမ်းရောင်းသူတစ်စု စံမှီရွာကိုရောက်လာ၏။ ၄င်းတို့ကို “ထမ်းသည်”ဟု ခေါ်ကြ၏။
စံမှီရွာတွင် ရောင်းချပြီး၊ နောက်တစ်နေ့နံနက်တွင် အနီးနားရွာတစ်ရွာကို ဆက်လက်ရောင်းချရန် ထွက်လာခဲ့၏။ လူစိမ်းများဖြစ်သည့်အလျောက် ရွာကူးလမ်းများကို မသိကြ။ လမ်းမေးရန်အတွက် လမ်းတစ်လျှောက်ရှိ ယာခင်းများကို စူစမ်းကြည့်ကာ လျှောက်လာကြ၏။
ယာခင်းတစ်ခုအရောက်တွင် ဘကြီးဖြိုးနှင့်တွေ့ရာ ……
ထမ်းသည်။ ။ ဦးလေး…! ဟိုဘက်ရွာကို ဘယ်လိုသွားရမလဲ။
အကြီးဖြိုး။ ။ အဲဒီဘက်လမ်းပဲ-ဟု လူသွားလူလာအင်မတန်နည်းလှသည့် ခြေလမ်းကို ညွှန်လိုက်၏။ ကွမ်းတစ်ရာညစ်ခန့်ကြာသော် အဆိုပါထမ်းသည်တစ်စုသည် ရှေ့ဆက်သွားရန် လမ်းရှာမတွေ့ သဖြင့် ပြန်လာကြ၏။ အခင်းထဲမှာပင်ရှိနေသေးသော ဘကြီးဖြိုးကို ပြန်တွေ့ရာ……
ထမ်းသည်။ ။ ဦးလေး….! ဟိုဘက်ရွာသွားတဲ့ လမ်းလည်းမတွေ့ပါလား။
ဘကြီးဖြိုး။ ။အံ့ရော်……အံ့ရော်……။ မင်းတို့ အတော်ထူးဆန်းတာပဲ။ တို့ရွာကလူတွေ အဲဒီလမ်းကနေသွားတာ တစ်ယောက်မှပြန်မလာကြဘူး။ မင်းတို့မို့ ပြန်လာတယ်။
ထမ်းသည်များ။ ။ ဗျာ……….! ဘာဖြစ်လို့ ပြန်မလာကြတာလဲ။
ဘကြီးဖြိုး။ ။ ဘာဖြစ်ရမှာလဲ။ အဲဒါသင်္ချိုင်းကုန်း(သုသာန်)ကို သွားတဲ့လမ်းပဲလေကွာ-ဟူသတည်း။
No response to ““ဒို့ရွာသားတွေသွားတာ တစ်ယောက်မှ ပြန်မလာဘူး””
Post a Comment