သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

“စံမှီမေတ္တာ”
      အပိုင်း-၁  
   ငယ်စဉ်တောင်ကျေး ကလေးဘ၀ စာဖတ်တတ်သည့်အချိန်မှစတင်ကာ စာတိုပေစများကို ဖတ်ရှုလေ့လာခဲ့မိသည်။ အစကတော့ စာအုပ်တွင်ပါသည့် အရုပ်လှလှလေးတွေကို ဦးတမ်းကစားရာကနေ စာအုပ်တွေကို ယဉ်ပါးခဲ့ပြီး စာပေကိုချစ်တတ်လာခဲ့သည်ဟုဆိုကလည်း မမှားပေ။
          ကလေးသဘာဝအလျောက် စွန့်စားသူတို့အကြောင်းတွေကို ပို၍သဘောကျသည်။ အဖိုးအဖွားတို့ကို ပုံပြင်ပြောခိုင်လျှင်တောင်မှ စွန့်စားခန်းပါတာတွေကိုပဲ ပြောခိုင်းဖြစ်တာများသည်။ တစ်နည်းဆိုရသော် သူရဲကောင်းဆိုသည့် အများအားကျ လေးစားကြသူတို့အကြောင်း အများသူငါလိုပင် ကြားချင်သိချင်မိတာလည်း မဆန်းပေ။
          တောအရပ်မှာ ကြီးပြင်းခဲ့ရသည်မို့ စာအုပ်က ရှားရှားပါးပါး။ ကြည့်ပြီးသားစာအုပ်များကိုပင် ဖန်တစ်ရာတေအောင် ပြန်ကြည့်နေရသည်။ ထိုနောက်တွင် ရွာဦးဘုန်းကြီးကျောင်းတွင်ရှိသည့် စာအုပ်များကို ဖတ်ရှုခွင့်ရလာသည်။ ပုံတော်စုံ ဓမ္မပဒတို့၊ ဗုဒ္ဓ၀င်စာအုပ်တို့ကတော့ စာရေးသူတို့အသည်းစွဲပင်။ သူတို့က အရုပ်တွေ ပါတယ်လေ။
          ဒီလိုနဲ့ အတော်အတန် အရွယ်ရောက်လာတော့ ဟိုဟိုဒီဒီစာတွေဖတ်ဖြစ်ပြန်သည်။ အသက်-၁၁-နှစ်အရွယ်တွင် မြို့လေးတစ်မြို့ကို ပြောင်းရွှေ့ခဲ့ရသည်။ တောကပါလာသည့် အရုပ်ဦးသည့်ညဉ်နှင့် စာဖတ်အကျင့်တို့လည်း မိမိနှင့်တစ်ပါတည်း လိုက်လာခဲ့သည်။ စာသင်ကျောင်းမှာ စာသင်ခန်းမှာ အတန်းပြင်ပစာတွေဖတ်လို့ အရိုက်ခံရတာလည်း မနည်းပေ။ စာဖတ်တယ်ဆိုလို့ ဘာစာတွေလည်း ပြောရဦးမယ်။ ကာတွန်းတွေ၊ ရုပ်ပြတွေပဲပေါ့။
          ကိုယ်က စာဖတ်ချင်လို့ဖတ်တာကလွဲရင် ဘာကိုမှဦးတည်ချက်မထား ရတာအကုန်ဖတ်သည်။ မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာပါမကျန်ဖတ်သည်။ ၀တ္ထုလည်းစုံအောင်ဖတ်သည်။ ကဗျာလည်းဖတ်သည်။ သိုင်းစာအုပ်တွေလည်း ပါတာပေါ့။ စာမဖတ်ဖို့တားတဲ့သူတွေကာတော့ အဲဒါတွေမကောင်းဘူးပြောပြီး၊ ဖတ်လို့မိရင် ရိုက်ရော။ ဘယ်တာကောင်းတယ် ဖတ်သင့်တတယ်ဆိုတာတော့ တစ်ခါဖူးမျှ မပြောပေ။
          ထားပါတော့လေ ဒီလိုတွေ့ရာ လက်လှမ်းမှီရာ ဖတ်မိခဲ့တာတွေထဲက မိမိစိတ်ကို များစွာလှုပ်ခပ်ခဲ့သည့် ဖြစ်ရပ်များ၊ မှတ်မှတ်ထင်ထင် အာရုံမှာထင်ဟပ်စေမှုများ၊ အကြောင်းအရာများလည်း များစွာပင်ရှိခဲ့သည်။ ထိုအထဲမှ တစ်ခုကတော့ ယခုရေးမည့် အကြောင်းအရာပင်။ ဘာသာရေးနှင့် ဆက်စပ်နေသော အကြောင်းလည်းဖြစ်သည်။ မိမိဘ၀ကလည်း ငယ်စဉ်ကပင် ဘာသာရေးနှင့် နှီးနွယ်ခဲ့ရသည်မဟုတ်ပါလား။ ယနေ့အချိန်မှာ ပြန်ဖတ်လိုက်ရာတော့ ငယ်စဉ်က အားကျခဲ့သည့် အဆိုပါအဖြစ်ပျက်လေးမှာ လေးစားစရာအဖြစ်မြင်မိပြန်သည်။
*****
          မိမိဘတွေ ဆုံးသွားသောကြောင့် သုမေဓာသတို့သားသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် ကုဋေပေါင်းများစွာပိုင်ဆိုင်သည့် သူဋ္ဌေးလေးတစ်ယောက်ဖြစ်လာခဲ့သည်။ ဥစ္စာပေါရုပ်ချော ဆိုလောက်အောင်လည်း အတိတ်ကံကောင်းခဲ့သည်။ သို့ရာတွင် ပခုံးနှစ်ဖက်ကြားက ခေါင်းပေါက်သူခြင်း၊ နှာခေါင်းနှစ်ပေါက်ကနေ အသက်ရှူသူခြင်း တူကြသော်လည်း အမြင်ခြင်းမတူ၊ ယုံကြည်ချက်ကွဲပြား ခံယူချက်ခြားနားမှုတို့ကြောင့် အကျိုးတရားကလည်း ကွဲပြားခဲ့ရသည်မဟုတ်လား။
          ကြည့်ပါ။ ငါ့မိဘတွေဟာ စီးပွားဥစ္စာတွေကို ရှာဖွေတတ်၊ ပွားများအောင်လုပ်တတ်စေကာမူ တမလွန်ကိုတော့ ပါအောင်မယူနိုင်ကြ၊ ငါကတော့ ဒါတွေအားလုံးကို ပါအောင်ယူမည်ဟု သူဋ္ဌေးသားသုမေဓာ စဉ်းစားခဲ့သည်။ ထိုအတိုင်းလည်း တသွေမတိမ်းလုပ်ခဲ့သည်။ ပိုင်ဆိုင်သမျှကို တန်ဖိုးနည်းများမပိုင်းခြား အလှူခံကိုလည်း အဖြူမဲမခွဲခြားပဲ အလိုရှိတိုင်းယူတော့ဟု တွယ်တာမဲ့လှူခဲ့သည်။ ထိုနောက်တွင်တော့ ၀တ်ကြောင်စွန့်ကာ ရသေ့ရဟန်းဘ၀ကို ကွန်းခိုခဲ့သည်။ ဗြဟ္မ၀ိဟာရတရားများနှင့် ကျင့်သုံးနေထိုင်သည့်အတွက် မြေလျိုးမိုးပျံ တန်ခိုးအမျိုးကိုရခဲ့သည်။ လူသူမနီးတောရပ်ကြီးတွင် နေလေ့ရှိသော်လည်း အခါအားလျော်စွာ လူတို့နေရာအရပ်ကို လာရောက်ပြီး အလှူခံတတ်သည်။
          တစ်နေ့တွင် ရမ္မာဝတီနေပြည်တော်ကို ကောင်းကင်ခရီးဖြတ်သွားစဉ် ထူးခြားများပြားလှသည့် လူအုပ်ကြီးကို လှန်းတွေ့လိုက်ရသည်။ အကြောင်းထူးကိုသိလို၍ ကောင်းကင်မှဆင်းသက်ကာ စုံစမ်းလိုက်သည်။ ဒီပင်္ကရာဘုရားရှင်နှင့် နောက်ပါတပည့်သံဃာတော်များ မြို့တော်ကိုကြွမည်ဖြစ်လို့ လမ်းပြင်နေကြောင်းသိလိုက်ရသည်။ သက်ရှိဘုရားရှင်းကို ဖူးတွေ့ရဖို့ဝေးစွ ဘုရားဆိုသည့်အသံကို ကြားရဖို့တောင် အလွန်ခဲယဉ်းလှသည် မဟုတ်လား။ ဒီအခွင့်ထူးကို ကောင်းစွာအသုံးချလိုသော သုမေဓာရှင်ရသေ့လေးသည် လမ်းပြင်ဆင်ရာတွင် သူပါလုပ်အားပေးအလှူပါဝင်လိုကြောင်း သက်ဆိုင်ရာတွင် ခွင့်တောင်းလိုက်သည်။
          ဘုရားရှင်းကြွချိန်နီးလားပြီဖြစ်၍ လမ်းပြင်ဦးဆောင်သူတို့က တန်ခိုးကြီးလှသည့် ရသေ့လေးကို ရွှံ့နွံတို့ပြည့်နေသည့် တစ်နေရာစာကို ပြင်ဆင်ဖို့ရာ သတ်မှတ်ပေးလိုက်သည်။ တန်ခိုးရှင်ဆိုတော့ သူ့တန်ခိုးအစွမ်းနဲ့ ပြင်ဆင်လိုက်လျှင် ခဏပေါ့။ သို့တစေ သုမေဓာရသေ့လေး၏အတွေးကတော့ သူတို့မြင်တာနဲ့မတူ။ မိမိကာယအားဖြင့် လုပ်ဆောင်ခြင်းက ပိုပြီးအကျိုးပြီးနိုင်ကြောင်း သိလေသည်။ ထိုနောက် အများသူငါလို ပင်ပင်ပမ်းပမ်း မြေတူးသယ်ဖို့လုပ်ဆောင်သည်။
          အခြားသူများက တာဝန်ကိုယ်စီ ပြီးစီးအောင်ပြင်ဆင်ပြီးသော်လည်း သုမေဓာရှင်ရသေ့၏ တာဝန်ကျလုပ်ငန်းမှာ မပြီးပြတ်မှီမှာပင် ဘုရားရှင်နှင့် သံဃာတော်များကြွလာသည်။ ပြီးစီးအောင်ပြင်ဆင်ဖို့ရာ အချိန်မရတော့။ ထိုနောက်ချက်ချင်းဆိုသလိုပင် သုမေဓာရှင်ရသေ့သည် မိမိခန္ဓာကိုယ်ကို ရွှံ့နွံအပေါ်ဝမ်းလျားမှောက်ကာ တံတားခင်းလိုက်သည်။ ဘုရားရှင်နှင့် နောက်ပါရဟန်းတော်များ မိမိကျောပေါ်မှကြွသွားပါစေ။ ဟုတ်တယ်လေ။ ဒီရွှံ့နွံအိုင်ကို ပြီးစီးအောင်မှ ဖို့ချိန်မရှိတော့တာ။
          ထိုအချိန်တွင် ရမ္မာဝတီမြို့သူ သူဋ္ဌေးသမီး သုမိတ္တာသည် ထိုမြင်ကွင်းရှေ့တည့်တည့်သို့ နောက်ပါအခြွေရံများနှင့်အတူ ရောက်လာသည်။ သူမှလက်ထဲမှာ ဘုရားရှင်ကိုလှူဒါန်းဖို့အတွက် ကိုင်ဆောင်လာသည့် ငွားငွားစွင့်စွင့်ကြီး လှချင်တိုင်းလှနေသည့် ကြာပန်းရှစ်ခိုင်မှာ သူမှ၏အလှပေါ်အယဉ်ဆင့် တင့်လှသည့်အသွင်အောင်မှာတော့ အနည်းငယ်ညိုးနေသယောင်။
          ဘုရားရှင်ကို စိတ်ကနေလှမ်းကြည်ညိုလိုက်ပြီးနောက် ဘုရားရှင်ဂရုတစိုက်ကြည့်နေသည့် အရာကို အမှတ်မထင် လှမ်းကြည့်မိလိုက်သော သုမိတ္တာသူဋ္ဌေးသမီး၏ရင်ထဲမှာ ဖိုကနဲဖြစ်သွားသည်။ တစ်ခါမျှ မဖြစ်ဖူးသည့် လှုပ်ရှားမှုတစ်ခုကို ရင်မှာခံစားလိုက်ရသည်။ ဒီလိုငယ်ရွယ်ချောမောလှသည့် ရသေ့လေးက ဘုရားရှင်ရှေ့မှာ ဘာလို့ဝမ်းလျားထိုးနေတာလဲ။ ရင်မှာသနားသလိုလို စိုးရိမ်သလိုလို အမည်မသိဝေဒနာတစ်ရပ်ကို ခံစားလိုက်ရသည်။
          အရင်ရောက်နှင့်ကြသည့် ဘေးကလူများ တီးတိုးစကားက သုမိတ္တာ၏အတွေးအိမ်ကို ဖောက်ထွင်းသွားသည်။ မပြီးစီးသည့် မိမိတာဝန်ကို ခန္ဓာကိုယ်တံတားခင်းကာ လိုလိုလားလားပင် လှူတာတဲ့။ တန်ခိုးရှိပေမဲ့ ကိုယ်တိုင်ကိုယ်ကျ လုပ်အားပေးတာတဲ့……စသဖြင့် တီးတိုးစကားများက သုမိတ္တာ၏ တန်ပြန်အတွေးမြင်တန်းအောက်မှာ ပျောက်သွားပြန်သည်။ ဒီလောက်များပြားတဲ့ ရဟန်းတော်တွေများ သူ့ကိုပေါ်နင်းသွားရင် တစ်စစီဖြစ်တော့မှာပေါ့…………။
          ထိုအချိန်တွင် ရှင်ရသေ့လေး၏ ရင်တွင်းမှာတော့ ဘုရားရှင်ကို ကြည့်ညိုချက်က ခိုင်မာသွားလေပြီ။ သတ္တ၀ါတွေအကျိုး လောကအကျိုးကို အမြင့်မြတ်ဆုံးသယ်ပိုးနိုင်သည့် ဘုရားရှင်ကို ဖူးမြော်ရပြီးနောက် မိမိကိုယ်တိုင်လည်း ဘုရားဖြစ်ချင်မိသည်။ ထိုနောက် မိမိဦးခေါင်းရှေ့တွင် ရပ်တန့်နေသော ဘုရားရှင်ကိုမော်ဖူးလိုက်ပြီးနောက် ဘုရားဖြစ်ရပါလိုကြောင်း ဆုတောင်းဖို့ စိတ်တွင်အခိုင်မာဆုံးဖြတ်လိုက်သည်။
          စိတ်စေ့ဆော်မှုကြောင့် ဘုရားရှင်နှင့် ရသေ့လေးတို့နေရာနှင့် နီးမှန်းမသိပင်နီးလာသော သုမိတ္တာမိန်းမပျိုလေးသည် ရသေ့ငယ်ကို သနားကရုဏာ အကြင်နာမျက်ဝန်းတို့ဖြင့် မမှိတ်မသုန် ကြည့်နေသော်လည်း ရသေ့လေး၏ တစ်စုံတစ်ခုကို ပြတ်ပြတ်သားသားလုပ်တော့မည့် ဆုံးဖြတ်ဟန်ကို ရှင်းရှင်းလင်းလင်းပင် မြင်လိုက်သည်။ ဘုရားရှင်ထံ ပြင်းပြသည့်ဆန္ဒတို့ဖြင့် မော်ကြည့်နေသည့် ရသေ့လေးအတိုင်း မိမိအကြည့်များကိုလည်း ဘုရားရှင်ထံရွေ့လျားမိ လိုက်သည်။ အော် ….ကြည်ညိုဖွယ် အတိရှိလှသည့် မြတ်စွာဘုရား။
ဆက်ပါဦးမည်.............။
သူ (သရက်)

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment