သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝ

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝ
(ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ ရှုမြင်သုံးသပ်ချက်)
နိဒါန်း
  ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ရှုထောင့်မှကြည့်လျှင် အိမ်ထောင်ရေး ဟူသည် မြင့်မြတ်သောအရာ မဟုတ်သကဲ့သို့ နိမ့်ကျသည့်အရာလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို ဘာသာရေးနှင့် သက်ဆိုင်သည့် တာဝန်တစ်ရပ်အနေဖြင့် သဘောမထား သလို ကောင်းကင်ဘုံတွင် နဖူးစာရေးသည့် ဓမ္မမင်္ဂလာဟုလည်း မယူဆပေ။ လူအချို့က အိမ်ထောင်ရေးကို ကောင်းကင်ဘုံ၌ ပန္နက်ချပေးသည်ဟု ယုံကြည်ပြီး၊ အချို့ကမူ ငရဲပြည်တွင် မှတ်တမ်းတင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း အဆိုးမြင်ဝါဒီတစ်ဦးက ပြောခဲ့ဖူးသည်။ ပင်ကိုအားဖြင့် အိမ်ထောင်ရေးဆိုသည်မှာ ပုဂ္ဂိုလ်ရေးနှင့် လူမှုရေး ၀တ္တရားတစ်ခုဖြစ်သည်။ မဖြစ်မနေ လုပ်ရမည့်အရာ မဟုတ်ပေ။ အမျိုးသားရော အမျိုးသမီးပါ အိမ်ထောင်ပြုခွင့် သို့မဟုတ် တစ်ကိုယ်ရေတစ်ကာယနေခွင့်ကို စိတ်ကြိုက်လုပ်ဆောင်ခွင့်ရှိရမည်။ ဤသို့ဆိုခြင်းဖြင့် ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို ကန့်ကွက်သည်ဟု မဆိုလိုပါ။ ဤလောကတွင်ရှိသော လူများအားလုံးက အိမ်ထောင်ရေးသည် မကောင်းပါဟု မည်သူမျှပြောမည်မဟုတ်။ အိမ်ထောင်ရေးကို ဆန့်ကျင်သော ဘာသာရေးလည်းမရှိပေ။
          လက်တွေ့မှာမူ သက်ရှိအရာဝတ္ထုမှန်သမျှသည်  ကာမဂုဏ်ခံစားမှု၏ အကျိုးဆက်တစ်ခုအနေဖြင့် စတင်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ လူသားတို့အကြားတွင် အိမ်ထောင်ပြုခြင်း အလေ့အထမှာ လူ့ဘောင် အဖွဲ့စည်းသည် လူသားမျိုးစိတ် ဆက်လက်တည်တံ့စေရန် တာဝန်ယူဖို့ ဖြစ်ပေါ်လာပြီး လူငယ်လူရွယ်များ အခြားတစ်ဦးအား ဂရုတစိုက်ရှိခြင်းကို အာမခံချက်ပေးရန်ဖြစ်သည်။ ဤအချက်က ကာမစပ်ယှဉ်ခြင်းကြောင့် မွေးဖွားလာသော ကလေးများကို အိမ်ထောင်ရေးတွင် ပါဝင်ပတ်သက်သူများ၌ တာဝန်ရှိသည်၊ အနည်းဆုံး ကလေးများ အရွယ်ရောက်သည်အထိ ဖြစ်သည် ဟူသော ငြင်းခုံမှုအပေါ်တွင် အခြေခံသည်။ ထို့ပြင် အိမ်ထောင်ပြုခြင်းသည် ထိုတာဝန်ကို ထိန်းသိမ်းဖို့နှင့် တာဝန်ယူဖို့ဖြစ်သည်။
 လူ့အဖွဲ့စည်းသည် အပြန်အလှန် ဆက်ဆံမှုနှင့် တစ်ဦးအပေါ်တစ်ဦး မှီခိုမှုဖြစ်သော ပေါင်းသင်းဆက်သွယ်မှု ကွန်ယက်မှ တိုးတက်ပြောင်းလဲ လာခြင်းဖြစ် သည်။ ပေါင်းသင်းဆက်ဆံမှု အားလုံးသည် ၀ိုင်းဝန်းကူညီရန် စိတ်ရောကိုယ်ပါနှစ်မြုပ်ထားခြင်းနှင့် အဖွဲ့စည်းတစ်ခု သို့တည်းမဟုတ် လူ့အသိုင်းတစ်ခုတွင် ရှိနေသူများကို ကာကွယ်ပေးရန်ဖြစ်သည်။ အိမ်ထောင်ရေးသည် ဤအားကောင်းသည့် အထောက်ပံ့ပေးခြင်း၊ အကာကွယ်ပေးခြင်းဖြစ်သော ကူးလူးဆက်ဆံမှု လူမှုကွန်ယက်၏ အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ သာယာသော အိမ်ထောင်ရေးသည် နားလည်ခြင်းမှတစ်ဆင့် တဖြေးဖြေးနှင့် ရှင်သန်၊ ဖွံ့ဖြိုးသင့်သည်။ စိတ်လိုက်မာန်ပါ မဖြစ်သင့်။ စစ်မှန်သော သစ္စာစောင့်သိမှုဖြစ်သင့်ပြီး အလိုလိုက်ရုံသက်သက်မျှသာ မဖြစ်သင့်။ အိမ်ထောင်ရေး ထုံးတမ်းဓလေ့သည် ယဉ်ကျေးမှု ထွန်းကားရေး၊ နှစ်ဦးနှစ်ဖက်၏ နှစ်လိုဖွယ်ကောင်းသော ပေါင်းသင်းဆက်ဆံရေးကို ပြုစုပျိုးထောင်ရေးနှင့်၊ အထီးကျန်ခြင်း၊ ဆင်းရဲခြင်းနှင့် ပူပင်သောကဖြစ်ခြင်းတို့မှ ကင်းလွတ်စေရန်  အခြေခံကောင်းကို ပံ့ပိုးပေးသည်။ အိမ်ထောင်ရေး၌ အိမ်ထောင်ဖက်တစ်ဦးချင်းစီက လိုက်လျောညီထွေသည့် အခန်းကဏ္ဍကို ဖြစ်စေသည်။ တစ်ဦးအပေါ်တစ်ဦးက ခွန်အားနှင့် ကိုယ်ကျင့်တရား ခိုင်မာမှုကိုပေးသည်။ အချင်းချင်း ဖေးဖေးမမ အကူအညီပေးကာ မိသားစုအတွက် ကြောင့်ကြစိုက်မှုနှင့် ကြည့်ရှုစောင့်ရှောက်မှု အပေါ်တွင် မိမိအိမ်ထောင်ဖက်၏ ကျွမ်းကျင်သည့်ပညာရပ်ကို တန်ဖိုးထားအသိမှတ်ပြုပေး သည်။ ယောက်ျား သိုမဟုတ် မိန်းမက ပို၍အခရာကျသည်ဟူသော အတွေးမျိုးမရှိရပေ။ တစ်ဦး၏ လိုအပ်ချက်ကို အခြားတစ်ဦးက ဖြည့်ဆည်းပေးရမည်။ အိမ်ထောင်ရေးဟူသည် သမမျှတပြီး သာယာပျော့ပြောင်းသော ရက်ရောသော တည်ငြိမ်သော အလေးနက်ထားအပ်သည့် စီးပွားဖက်ဖြစ်သည်။
          ဗုဒ္ဓဘာသာတွင် သာယာချမ်းမြေ့သော အိမ်ထောင်သည်ဘ၀ကို အထောက်အကူဖြစ်စေနိုင်သည့် လိုအပ်သော အကြံဥာဏ်များအားလုံးကို တွေ့နိုင်ပါသည်။ အိမ်ထောင်ရေးသုခကို အမှန်တကယ် အလိုရှိသူသည် မြတ်ဗုဒ္ဓနည်းပေးညွှန်ပြသော အကြံဥာဏ်များကို မျက်ကွယ်မပြုသင့်ပါ။ တရားတော်များ တွင် မြတ်ဗုဒ္ဓသည် လက်ထပ်ပြီး ဇနီးမောင်နှံများနှင့် အိမ်ထောင်ရေးကို အလေးအနက်ထားသူတို့အတွက် အကြံပေးချက် အမျိုးမျိုးကို ဟောကြားတော်မူသည်။ “သင့်မြတ်ပြီး နားလည်မှုရှိသော ဇနီးမယားကို ရှာတွေ့နိုင်လျှင်၊ သင့်မြတ်ပြီး နားလည်မှုပေးနိုင်သော လင်ယောက်ျးကိုရှာတွေ့နိုင်လျှင် ထိုအမျိုးသား အမျိုးသမီးတို့သည် အမှန်တကယ်ကံကောင်းသူများ ဖြစ်ကြသည်”ဟု မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ သည်။
                                                         အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                             Thursday, February 02, 2012
မှတ်ချက်။     ။ DR. K. SRI DHAMMANANDAA HAPPY MARRIED LIFE တွင်ပါသော INTRODUCTION ကို ဆီလျော်အောင် ပြန်ဆိုသည်။ ချွတ်ယွင်းချက်ရှိသော် ဘာသာပြန်ဆိုသူ၏ အားနည်းချက်သာဖြစ်သည်။

၂၀၁၁-နေ့စွဲများ

ဗုဒ္ဓဘာသာ၏ ရှင်သန်နိုးကြား မြတ်တရား (အပိုင်း-၂)

မြတ်ဗုဒ္ဓ
          
 ဗုဒ္ဓဘာသာခေါ် မြင့်မြတ်သည့်ဘာသာကို တည်ထောင် သူ မြတ်ဗုဒ္ဓသည် ခရစ်တော်မပေါ်မီ ဘီစီ(BC-6)ရာစုတွင် အိန္ဒိယနိုင် ငံမြောက်ပိုင်းတွင် ပွင့်ထွန်းခဲ့သည်။ သိဒ္ဓတ္ထ သည် သူ၏ လူနာမည်ဖြစ်သည်။ ဂေါတမသည် အနွယ်တော်၏ နာမည်ဖြစ်သည်။ ဖခင်သုဒ္ဓေါဓနမင်း သည် နီပေါနယ်စပ်တွင်ရှိသော သာကီဝင်မျိုးတို့ ၏တိုင်းပြည် ကပိလ၀တ္ထုမြို့တွင် မင်းလုပ်အုပ်ချုပ် ခဲ့သည်။ ကောလိယမင်းသမီး မဟာမာယာသည် သုဒ္ဓေါဓနမင်း၏ မိဖုရားခေါင်ကြီးဖြစ်သည်။ သူမ၏ တစ်ဦး တည်းသောသား သိဒ္ဓတ္ထမင်းသားကို လုမ္ဗိနီဥယျာဉ် တွင် မွေးဖွားခဲ့သည်။ ယခုအခါ ဒေသအခေါ်ဝေါ်အားဖြင့် ရုမ်မင်ဒိုင်း (Rummindei)ဟု ထင်ရှားသော လုမ္ဗိနီသည် ဗာရာဏသီ (Benares)မြို့၏မြောက်ဖက် မိုင်တစ်ရာ အကွာတွင် တည်ရှိပြီး၊ နှင်းများဖြင့်ဖုံးလွှမ်းနေသော ဟိမ၀န္တာတောင်ထွတ် ၏ မြင်ကွင်းအတွင်းတွင်ရှိသည်။ ဘုရားအလောင်း မင်းသားကို မွေးဖွားရာ အဆို ပါ အောက်မေ့ဖွယ်နေရာ၌ အိန္ဒိယ၏ ဧကရာဇ်ဘုရင်အသောကသည် ဘုရားလောင်းမွေးဖွား ပြီး နှစ်ပေါင်း ၃၁၆-နှစ်အကြာတွင်  ကြီးမားလှသော ကျောက်တိုင်ကြီးကို စိုက်ထူခဲ့သည်။ ယင်းကို ယနေ့တိုင် မြင်တွေ့နိုင်သေးသည်။

          ကျောက်တိုင်ပေါ်၌ ကမ္ဗည်းထိုးထားသော ကျောက်စာငါးကြောင်းတွင် အသောကအက္ခရာခေါ် ဗြဟ္မီ(Brāhmi)အက္ခရာ ၉၃-လုံးပါဝင်သည်။ ယင်းတို့ အထဲမှ အောက်ပါစာကြောင်းကို တွေ့ရသည်။ “ဟိဒ ဗုဒ္ဓေ ဇာတေ သကျမုနိ (Hida Budhe jāte sākyamuni)၊ ဤနေရာတွင် သကျနွယ်ဖွားတို့၏ သူတော်စဉ် မြတ်ဗုဒ္ဓကို မွေးဖွားခဲ့သည်။”
          ထိုခေတ်ကာလ၏ အစဉ်လာအရ သိဒ္ဓတ္ထမင်းသားသည် သက်တော် ၁၆-နှစ်အရွယ်တွင် မိမိနှင့်သက်တူရွယ်တူဖြစ်သော ချောမောလှပသည့် ယသောဓရာမင်းသမီးကို လက်ထပ်ထိမ်းမြား ခဲ့သည်။ မင်းသားသည် လိုတိုင်းရ တတိုင်းဖြစ်ကာ ဒုက္ခဆို ချိုနဲ့လားဖြင့် နေထိုင်ခဲ့ရသည်။ သို့ရာတွင် အသက်အရွယ် ရင့်ကျင့်လာသည်နှင့်အမျှ လောက၏ဒုက္ခသဘောကို တစ်စွန်းတစ်စ သိလာခဲ့သည်။ နန်းတော်တံတိုင်း၏ ပြင်ပကမ္ဘာနှင့် တွေ့ထိပါများလေလေ လောကတွင် စစ်မှန်သော ချမ်းသာသုခ မရှိ ဆိုတာကို အခိုင်အမာ သိလေလေ ဖြစ်လာသည်။
          ထိုနောက် မင်းသားသည် သက်တော် ၂၉-နှစ်အရွယ်၊ လုလင်ဘ၀၏ အတောက်ပဆုံးအချိန်၊ တစ်ဦးတည်းသော သားတော်ရာဟုလာကို ယသော်ဓရာမင်းသမီးက မွေးဖွားပေးခဲ့သော နေ့မှာပင် နန်းတော်မှ ထွက်ခွာခဲ့သည်။ သြဇာအာဏာ၊ ကျော်ကြားမှုတို့ဖြင့် ပြည့်လျံနေသော ထီးနန်းစည်းစိမ်ကို စွန့်လွှတ်ကာ ရသေ့ရဟန်းအသွင်ကိုယူလျှက် ဘ၀၏ဒုက္ခများကို ဖြေရှင်းရန်၊ အနှောင်အဖွဲ့အားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုရှာဖွေရန် တစ်ကိုယ်တည်း တောထွက်တော်မူခဲ့သည်။ ဤ ကား မြင့်မြတ်သော တောထွက်ခြင်းပင်ဖြစ်သည်။
    ဘုရားလောင်းသည် ဘ၀၏ဆင်းရဲဒုက္ခတို့မှ လွတ်မြောက်ရာကို ရှာကြံသည့် မြင့်မြတ်သောအလုပ်ဖြင့် မိမိဘ၀ ကို မြုပ်နှံကာ ကျော်ကြားသော သမထကမ္မဌာန်း ဆရာကြီးများ ထံမှ သံသရာ လွတ်မြောက်ရာလမ်းကို ညွှန်ကြားပြ သ ပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက် ဂင်္ဂါမြစ်ဝှန်းတစ်လျှောက် လှည့်လည်ခဲ့သည်။ သို့ရာတွင် အဆိုပါဆရာကြီးတို့၏ အသိနယ် ပယ် အပိုင်းအခြားနှင့် အသမတန်ခိုးတို့သည် ဘုရားလောင်း ၏ မျှော်လင့်တကြီးရှာဖွေနေမှုကို မပေးစွမ်းနိုင်ခဲ့ပေ။ ဘုရားလောင်းသည် သဗ္ဗညုတဥာဏ်ကို ရကြောင်းမဟုတ်သော ကျင့်စဉ်မှတ်သမျှကို စိတ်တိုင်းမကျခဲ့။ ထိုကြောင့် ဘုရားလောင်း သည် မသိအပ်သေးသော သစ္စာတရားကိုရှာဖွေဖို့ရန် ယင်းဆရာကြီးများထံမှ ထွက်ခွါခဲ့ ရာ ပြတ်သားခိုင်မာလှသည့် သူ၏ကြိုးစာအာထုတ်မှုကို ကြည်ညိုသော ပဉ္စ၀ဂ္ဂီငါးဦးနှင့် တွေ့ဆုံခဲ့သည်။
   ထိုအချိန်က အိန္ဒိယတွင် ဘာသာရေးဂိုဏ်းဆရာ အများစုတို့သည် ပြင်းထန်သော အစွန်းရောက် ကျင့်စဉ်ဖြင့်သာလျင် ကိလေသာမှလွတ်ကင်းပြီး ဒုက္ခအားလုံးမှ လွတ်မြောက် ရာ နောက်ဆုံးပန်းတိုင်ကို ရောက်ရှိနိုင်သည်ဟု ယုံကြည်နေကြဆဲဖြစ်ပြီး၊ ဘုရားလောင်းသည်လည်း ထိုကျင့်စဉ်ကို  ကျင့်ကြံအားထုတ်ရန် ဆုံးဖြတ်ခဲ့သည်။ ဘုရားလောင်းသည် အနှောင်ဖွဲ့တို့မှ လွတ်မြောက်ဖို့ရန်နှင့် အမြတ်ဆုံးချမ်းသာသုခကို ရဖို့ရန်ကိုမျှော်လင့်လျှက် ခန္ဓာကိုယ်ကိုညှဉ်းဆဲ သည့် ပြင်းထန်သောအကျင့်တို့ကို ကျင့်တော်မူခဲ့သည်။ ထိုအကျင့်တို့ကို အရိုးပေါ်အရေတင်သည်အထိ ကျင့်ကြံတော်မူခဲ့သည်။ အနည်းငယ်မျှသော အစာအဟာရကိုမှီဝဲလျက် သစ်ရွက်များအပေါ်နှင့် သစ်မြစ်ရင်းတို့တွင် နေထိုင်ခဲ့သည်။ အမှိုက်ပုံမှ အ၀တ်စုတ်များကို ချုပ်စပ်ဝတ်ရုံခဲ့ပြီး၊ သူသေအလောင်း များအကြားနှင့် ဆူးခင်းအိပ်ရာများပေါ်တွင် အိပ်စက်ခဲ့သည်။ အစာရေစာ ခေါင်းပါးစွာ မှီဝဲခြင်းကြောင့် ဘုရားလောင်း၏ ခန္ဓာကိုယ်မှာ ချုံးချုံးကျခဲ့သည်။
          “ငါသည် ရသေ့၊တပသီတို့၏ ခြိုးခြံသော အကျင့်များကို ကျင့်ခဲ့ဖူးပြီ၊ ထိုသူတို့ထက် လွန်ကဲပြင်းထန်အောင်လည်း ကျင့်တော်မူခဲ့ပြီ။ ထိုကဲ့သို့ အချည်းအနှီးကျင့်စဉ်တို့ဖြင့် ငါ၏ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့သည် ကျူဝါးပင်တို့ကဲ့သို့ ညိုးလျော်ခြောက်သွေ့ခဲ့ရဖူးလေပြီ….” (မဇ္ဈိမနိကာယ်၊ သုတ်နံပါတ်-၃၆)။[*] မြတ်ဗုဒ္ဓသည် အထက်ပါ စကားတော်များအတိုင်း သဗ္ဗညုတဥာဏ်တော်ကို ရရှိတော်မူပြီး နောက်ပိုင်းနှစ်များ၌ မိမိကိုယ်တိုင် အစကနဦးတွင် အဆန်းတကြယ်ဖြစ်သော မှားယွင်းသည့်အကျင့်များ ကျင့်ခဲ့ဖူးသည်ကို ဖော်ပြလျှက် တပည့်သာဝကတို့အား လေးလေးနက်နက် သတိပေးတော်မူခဲ့သည်။
 ဘုရားလောင်းသည် ၆-နှစ်တိုင်တိုင် ပြင်းထန်သော အကျင့်များကို ကျင့်တော်မူ လျက် သေမင်းခံတွင်းဝကို ရောက်ခဲ့သော်လည်း မိမိအလိုရှိသော ပန်းတိုင်းကို မူ ဝေးလျှက်ရှိသည်ကိုသာ တွေ့ရလေသည်။ ခန္ဓာကိုယ်ကို ညှဉ်းပမ်းနှိပ်စက်သော အစွန်းရောက် ကျင့်စဉ်ဖြင့် သဗ္ဗညုတဥာဏ်တော်ကို ရရှိရန် မဖြစ်နိုင်ကြောင်းကို ရှင်းရှင်းလင်းလင်းနှင့် ကိုယ်တွေ့ သိလာရသည်။ သို့ဖြင့် သတိတရား လက်ကိုင်ထားကာ ကျင့်စဉ်သစ်များဖြင့် ရည်မှန်းရာပန်းတိုင်ကို ဆက်လက်ရှာဖွေခဲ့သည်။ ခန္ဓာကိုယ်ကို အပြင်းအထန် နှိပ်စက်ညှဉ်းပမ်းသော်လည်း သဗ္ဗညုတဥာဏ် ရရန်လမ်းကို မဖြစ်နိုင်ကြောင်း သိလာခဲ့သည်။ ဤသို့ဖြင့် ခန္ဓကိုယ်ကို ညှဉ်းဆဲသည့် အကျင့်၊ အစွန်းရောက်အစာငတ်ခံ အတ္တကိလမထအကျင့်တို့ကို စွန့်လွှတ်တော်မူကာ သင့်တင့်မျှတရုံ အစာအာဟာရကို ပြန်မှီဝဲတော်မူခဲ့သည်။ ပိန်ချုံးချည့်နဲ့နေသော ဘုရားလောင်း၏ ကိုယ်ရေသည် နဂိုအတိုင်း ပြန်လည်ပြည့်ဖြိုးလာပြီး၊ အားအင်များ ပြန်လည်ပြည့်ဝလာခဲ့သည်။ အလုပ်အကျွေး ပဉ္စ၀ဂ္ဂီ ငါးဦးတို့သည် ထိုအခြင်းအရာကို မြင်ကြသောကြောင့် ၀ိရိယကိုစွန့်ပြီး လာဘ်ပေါများရန်ဖက်ကို စိတ်လည်သွားသည်ဟု ယူဆလျှက် ဘုရားလောင်းကို စွန့်ခွာခဲ့ကြသည်။
          သို့ရာတွင် မိမိ၏ စင်္ကြယ်သောသီလ၊ ထက်သန်သော ၀ိရိယတို့အပေါ်တွင် မြဲမြံသည့်သတိ ခိုင်မာသက်ဝင်သည့် ယုံကြည်ချက်တို့ဖြင့် မည်သူတစ်ဦးတစ်ယောက်၏ လမ်းညွှန်ချက်မျှမ ပါ နောက်လိုက်နောက်ပါ တစ်စုံတစ်ရာမျှမရှိပဲ ဘုရားလောင်းသည် (သဗ္ဗညုတဥာဏ်ကို မရမီ ရှေးမဆွက ထင်ရှားခဲ့သောနာမည်) တစ်ကိုတည်းဖြင့်သာလျှင် သံသရာမှထွက်မြောက်ရာ နိဗ္ဗာန်ကိုမျက်မှောက်ပြုရန် သန္နိဋ္ဌာန်ပြုခဲ့သည်။ (ယခုအခါ ဗုဒ္ဓဂါယာဟုထင်ရှားသော) ဂယာ အရပ်ရှိ နေရဉ္ဇရာ မြစ်ကမ်းပေါ်တွင် ပေါက်ရောက်နေသည့် နောင်တွင် ဗောဓိပင် သို့မဟုတ် သစ္စာတရား ကို ထိုးထွင်းသိမြင်အပ်ရာ သစ်ပင်ဟု ထင်ရှားလာမည့်အပင်အောက် သင့်တော်သောနေရာတွင် တပလ္လင်ခွေထိုင်လျှက် အာရုံတို့ကို ဆင်ခြင်သတိကပ်ကာ နေတော်မူခဲ့သည်။ ထိုနောက် ဘုရားလောင်းသည် အမြင့်ဆုံး လုံ့လ၀ိရိယဖြင့် မတုန်မလှုပ်ခိုင်မာသော သန္နိဋ္ဌာန်ကိုပြုခဲ့သည်။ “ငါ့၏ကိုယ်တွင် အရိုး၊အရေမျှပင် ကြွင်းကျန်ရစ်ပါစေ၊ အသွေးအသားတို့ ခန်းခြောက် ၍ ရော်ရွက်ပမာဖြစ်သွားပါစေ၊ ဘုရားမဖြစ်သမျှ ဤထိုင်နေရာမှ မထတော့”။ ဘုရားလောင်းသည် ထိုကဲ့သို့ မဆုတ်မနစ်သော လုံ့လ၀ိရိယ၊ ပြီးပြည့်စုံသော သတိသမ္ပဇဉ်တို့ဖြင့်၊ သဗ္ဗညုတဥာဏ်ကိုရရန် အဓိဋ္ဌာန်ပြုတော်မူခဲ့သည်။
          ဘုရားလောင်းသည် ၀င်လေထွက်လေ ကမ္မဋ္ဌာန်း (အာနာပါနဿတိ)ကို ရှုမှတ်ပွားများလျက် ဈာန်(ပါဠိလို-ဈာန၊ သက္ကတလို-ဒျာန)လေးပါးတို့ကို အစဉ်အတိုင်း သုံးသပ်ဆင်ခြင်တော်မူခဲ့သည်။
          ဘုရားလောင်းသည် အာနာပါနဿတိ ကမ္မဋ္ဌာန်းကိုပွားများနေစဉ် သစ္စာလေးပါးကို သိမြင်တော်မူခဲ့လေသည်။
          ဤအရာသည် ဆင်းရဲသော ဒုက္ခတရားဖြစ်သည်။
          ဤအရာသည် ဒုက္ခကိုဖြစ်စေကြောင်း တရားဖြစ်သည်။
          ဤအရာသည် ဒုက္ခချုပ်ငြိမ်းကြောင်း တရားဖြစ်သည်။
          ဤအရာသည် ဒုက္ခချုပ်ငြိမ်းရာကို ရောက်စေသော မဂ္ဂင်တရားများဖြစ်သည်။
          ဘုရားလောင်းသည် ဤအရာများကား ယိုစီးခြင်းသဘောရှိသည့် ညစ်နွမ်းသော (အာသ၀) တရားများဖြစ်သည်၊ ဤအရာသည် အာသ၀တရားတို့ ဖြစ်ပေါ်စေသော တရာများဖြစ်သည်၊ ဤအရာ သည် အာသ၀တရားတို့ ချုပ်ငြိမ်းကြောင်း တရားများဖြစ်သည်၊ ဤအရာသည် အာသ၀တို့ ငြိမ်းရာကို ရောက်စေသော တရားများဖြစ်သည်-ဟု အရှိကိုအရှိအတိုင်း သိမြင်နားလည်ခဲ့သည်။
        ဘုရားလောင်းသည် ဘုရားဖြစ်လျင်ဖြစ်ချင်း ဥဒါန်းကျူးရင့်တော်မူခဲ့သည်။ “ငါ၌ ပညာမျက်စိသည် ထင်ရှားဖြစ်ပေါ်ပြီ၊ ဥာဏ်မျက်စိသည် ထင်ရှားဖြစ်ပေါ်ပြီ၊ ငါ၏လွတ်မြောက်မှုသည် မတုန်မလှုပ် ခိုင်မာပြီ၊ ဤဘ၀သည် ငါ၏နောက်ဆုံးဘ၀ဖြစ်သည်၊ ငါ၌ ဘ၀သစ်တစ်ဖန်ဖြစ်စရာ ပဋိသန္ဓေနေစရာ မရှိတော့ပြီ”။ (မဇ္ဈိမနိကာယ်၊ ၂၆)
        ဤသို့ဖြင့် ဂေါတမဘုရားအလောင်းတော်သည် သက်တော် ၃၅-နှစ်အရွယ် ကဆုန်လပြည့်နေ့တွင် မဖောက်မပြန် မှန်ကန်မြဲဖြစ်သော သစ္စာလေးပါး မြတ်တရားကို အပြည့်အ၀သိမြင်နားလည်ပြီး သဗ္ဗညုတ ဥာဏ်တော်ကို ရရှိတော်မူကာ ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည်။
       မြတ်ဗုဒ္ဓသည် ဘုရားဖြစ်တော်ပြီး နှစ်လအကြာတွင် ကိုယ်တော်တိုင် ထိုးထွင်းသိမြင်တော်မူခဲ့သော တရားတော်များကို အလုပ်အကျွေးဖြစ်ခဲ့ဖူးသူ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဟောကြားတော်မူရန် ဥာဏ်ဖြင့် ဆင်ခြင်တော်မူခဲ့သည်။ ပဉ္စ၀ဂ္ဂီငါးဦးတို့သည် ဗာရာဏသီပြည်၊ ဣသိပတန (Sarnarth) မိဂဒါဝုန်တော တွင် နေထိုင်သည်ကို သိမြင်တော်မူသောကြောင့် ပြင်းထန်သော အစွန်းရောက်ကျင့်စဉ်များအပေါ်တွင် စွဲစွဲလန်းလန်းဖြစ်နေသေးသော ၄င်းတို့အထံသို့ကြွရန် ဂယာမှထွက်တော်မူပြီး ဝေးကွာလှသော အိန္ဒိယ၏ ဘာသာရေးမြို့တော် ဗာရာဏသီသို့အရောက် မိုင်တစ်ရာ့ငါးဆယ် ခရီးကို ခြေလျင်ကြွတော်မူခဲ့သည်။ မိဂဒါဝုန်တောတွင် ပဉ္စ၀ဂ္ဂီငါးဦးတို့နှင့် တွေ့ဆုံတော်မူခဲ့သည်။
          မြတ်ဗုဒ္ဓသည် ၀ါဆိုလပြည့်နေ့  ညနေစောင်းအချိန်၊ အရှေ့လောကဓာတ်မှ လပြည့်ဝန်းကြီး ထွက်ပြူလာစဉ်တွင် ပဉ္စ၀ဂ္ဂီငါးဦးတို့အား တရားဟောတော်မူခဲ့သည်။
          “ရဟန်းတို့…….၊ အိမ်ရာတည်ထောင် လူတို့ဘောင်မှခွါသော ရဟန်းသည် ဤအစွန်းနှစ်ပါးတို့ကို မမှီဝဲအပ်ကုန်။ အဘယ်နှစ်ပါးတို့နည်းဟူမူ-ကာမဂုဏ်ခံစားခြင်းနှင့် ခန္ဓာကိုယ်ကို နှိပ်စက်ညှဉ်းပမ်းခြင်း အကျင့်တို့ဖြစ်သည်။ ဤနှစ်ပါးလုံးသည် အကျိုးမရှိ၊ လွတ်မြောက်မှုကို မဖြစ်စေနိုင်။ ရဟန်းတို့…….၊ ဤအစွန်းနှစ်ပါးကို စွန့်ပယ်တော်မူပြီးနောက် ငါဘုရားကိုယ်တော်တိုင် သိမြင်နားလည်တော်မူခဲ့သော မဇ္ဈိမဋိပဒါလမ်းစဉ်သည် အသိဥာဏ်ကိုဖြစ်စေ၏၊ လွတ်မြောက်မှုကို ဦးတည်စေ၏၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်၏။ ရဟန်းတို့……၊ မဇ္ဈိမဋိပဒါဟူသည်ကား မဂ္ဂင်ရှစ်ပါး မြတ်တရားတို့တည်း။ ယင်းတို့မှာ-
မှန်ကန်သောအမြင် (သမ္မာဒိဋ္ဌိ)
မှန်ကန်သော ကြံစည်မှု (သမ္မာသင်္ကပ္ပ)
မှန်ကန်သောစကား (သမ္မာဝါစာ)
မှန်ကန်သောအလုပ် (သမ္မာကမ္မန္တ)
မှန်ကန်သော အသက်မွေးမှု (သမ္မာအာဇီဝ)
မှန်ကန်သော အားထုတ်မှု (သမ္မာဝါယာမ)
မှန်ကန်သော အောက်မေ့မှု (သမ္မာသတိ)
မှန်ကန်သော တည်ကြည်မှု (သမ္မာသမာဓိ) တို့ဖြစ်သည်။”
          ဤသို့ဖြင့် မြတ်ဗုဒ္ဓသည် တရားဦးဟောတော်မူကာ အတုမရှိမြတ်လှသော ဓမ္မစက်ကို လည်စေတော်မူခဲ့သည် (အနုတ္တရံ ဓမ္မစက္ကံ)။
          မြတ်ဗုဒ္ဓသည် တပည့်သာဝကရဟန်း ခြောက်ဆယ်ပြည့်လာသောအခါ သြ၀ါဒစကားကို မိန့်ကြားတော်မူခဲ့သည်-
          လောကသားတို့အတွက် ကရုဏာတရားကိုဖြစ်စေလျက် များစွာသော သတ္တ၀ါတို့၏ ချမ်းသာခြင်း၊ အစီးအပွားအလို့ငှါ ခရီးထွက်ကြလော့၊ လှည့်လည်ကြလော့။ တစ်ကြောင်းတည်း ခရီးကို နှစ်ပါးမကြွကြကုန်လင့်။ အစ၊အလယ်၊အဆုံး သုံးပါးလုံးတွင် ကောင်းမြတ်သာလွန်ခြင်းရှိသော တရားဓမ္မကို ဟောကြားကြကုန်လော့။ သဒ္ဒါ၊အနက်နှင့်ပြည့်စုံသော အလုံးစုံပြည့်ဝစင်ကြယ်သော တရား ဓမ္မကို ဟောကြားကြကုန်လော့။ (၀ိနယ-၁၊ စာ-၁၀၊ သံယုတ္တနိကာယ်-၅၊ နှာ-၄၂၀)
         ဤသို့ဖြင့် မြတ်ဗုဒ္ဓသည် မြင့်မြတ်သော သာသနာပြုလုပ်ငန်းကို စတင်ခဲ့ပြီး ပရိနိဗ္ဗာန်စံဝင်သည့် တိုင်အောင် လုပ်ဆောင်တော်မူခဲ့သည်။ မြတ်ဗုဒ္ဓသည် တပည့်သာဝတို့နှင့်အတူ သတ္တ၀ါအားလုံးအား အနှိုင်းမဲ့သော ကရုဏာ၊ပညာ အရောင်ဝါတို့အောက်တွင် လွှမ်းခြုံတော်မူလျှက် အိန္ဒိယအလွှာစုံကြား လှမ်းကြွတော်မူခဲ့သည်။
     မြတ်ဗုဒ္ဓသည် တရားဓမ္မကို ဟောကြားတော်မူသောအခါ ဇာတ်စနစ်၊ လူမျိုး၊ အဆင့်အတန်း မခွဲခြားခဲ့ပေ။ ဆင်းရဲသား ဖုန်းတောင်းယာစကာ၊ နိမ့်ပါးအောက်ကျသူ၊ သားသေလင်ဆုံး ကုန်ရှုံးကြွေးတင်သူ၊ ပညာတတ်သူ၊မတတ်သူ၊ မင်းမျိုး၊ပုဏ္ဏားမျိုး၊ ဇာတ်နိမ့်၊ ဘုရင့်သားနှင့်သူဆင်းရဲ၊ သူတော်စင်နှင့်သူယုတ် စသဖြင့် တရားတော်ကိုနာယူသူ လူ့အလွှာအသီးသီးမှ ယောက်ျား၊ မိန်းမ တို့အား ငြိမ်းအေးစေသောလမ်းကို ညွှန်ပြပေးတော်မူခဲ့ပြီး သစ္စာတရားကို ထိုးထွင်းသိစေတော်မူခဲ့သည်။
       မြတ်ဗုဒ္ဓသည် အားလုံးသောသူများသည် မြင့်မြတ်သောဘ၀နှင့် ထိုက်တန်သည်ဟု သိမြင်တော် မူသည့်အတိုင်း လူမျိုးအသီးသီးမှ လူတန်းစားအလွှာစုံတို့ကို ရဟန်းဘောင်အတွင်း လွတ်လွတ်လပ်လပ် ၀င်ရောက်ခွင့်ပြုခဲ့သည်။ နောက်ဆုံးတွင် ယင်းတို့အထဲမှ အချို့သောသူများသည် သာသနာတွင်းဝယ် ကိုယ်စွမ်းကိုယ်စတို့ဖြင့် ထင်ပေါ်ခဲ့ကြသည်။ မြတ်ဗုဒ္ဓသည် အမျိုးဇာတ်နှင့် အလွှာအသီးသီး ကွဲပြားခြင်း တို့ကို အပြန်အလှန်လက်ခံ သဟဇာတဖြစ်စေရန် သင့်မြတ်စေဖို့ ကြိုးပမ်းအားထုတ်ရာနှင့် ကွဲပြားခြားနားမှုများကို ပယ်ရှားခဲ့သူများအကြားတွင် ယခုအချိန်အထိ တစ်ဦးတည်းသော မျက်မှောက်ဆရာတစ်ဆူ ဖြစ်တော်မူသည်။ မြတ်ဗုဒ္ဓသည် အိန္ဒိယတွင်ရှိသော အမျိုးသမီးများ၏ အဆင့်အတန်းကို မြှင့်တင်ပေးခဲ့သူလည်းဖြစ်သည်။ အမျိုးသမီးများအပေါ်တွင် စာနာထောက်ထား၊ ယဉ်ကျေးသိမ်မွေ့ခြင်း တို့ဖြင့် ဆက်ဆံတော်မူခဲ့ပြီး ငြိမ်းအေးခြင်း၊ ဖြူစင်ခြင်းနှင့် မွန်မြတ်သန့်စင်သည့် လမ်းကြောင်းများကိုလည်း ညွှန်ကြားပြသပေးတော်မူခဲ့သည်။
  မြတ်ဗုဒ္ဓသည့် မိမိဟောသည့် တရားတော်နှင့်အညီ ကျင့်သုံးသူဖြစ်သည်နှင့်အညီ သူ၏ပြုမူ ဆောင်ရွက်ချက်များအားလုံးကို ဗြဟ္မ၀ိဟာရ တရားများဖြစ်သော အနှိုင်းမဲ့ချစ်ခြင်း (မေတ္တာ)၊ သနားခြင်း (ကရုဏာ)၊ ၀မ်းမြောက်ခြင်း (မုဒိတာ)နှင့် အသင့်အားဖြင့်ရှုခြင်း (ဥပေက္ခာ)တို့ဖြင့် အမြဲတစေ ကျင့်သုံးတော်မူခဲ့သည်။
          မြတ်ဗုဒ္ဓသည် ငြင်းခုံခြင်း၊ ရန်ငြိုးထားခြင်း၊ ပဋိပက္ခဖြစ်ခြင်းတို့ကို မည်သည့်အခါမျှ အားမပေးခဲ့ပါ။ အခါတစ်ပါးတွင် မြတ်ဗုဒ္ဓသည့် တပည့်သာဝကတို့အား ဤသို့မိန့်ကြားတော်မူခဲ့သည်။ ´ရဟန်းတို့….၊ ငါသည် လောကနှင့်မငြင်းခုန်၊ လောကသည်သာ ငါနှင့်ငြင်းခုန်၏။ ဓမ္မကိုပြောတတ်သူသည် လောက၌ မည်သူနှင့်မျှ မငြင်းခုံပေ။´ (သံယုတ္တနိကာယ်-၃၊ ၁၃၈)
  “မြတ်ဗုဒ္ဓသည် စိတ်ဆိုးဒေါသထွက်သည့်အခါဟူ၍ တစ်ကြိမ်တစ်ခါမျှ မရှိခဲ့၊ မည်သည့် အခါမျှပင် ဒေါသနှင့်ယှဉ်သောစကားကို မိန့်မြွက်တော်မမူဘူးခဲ့”ဟု ရာဓာကရိရှနန် (Radhakrishnan) က ပြောခဲ့ဖူးသည်။ (ဓမ္မပဒ၊ နှာ-၁၂)
        မြတ်ဗုဒ္ဓသည် လေးဆယ့်ငါးဝါတိုင်တိုင် သာသနာပြုလုပ်ငန်းများကို အောင်မြင်စွာပြုလုပ်ပြီးနောက် သက်တော်ရှစ်ဆယ်အရွယ်ရောက်သောအခါ ကုသိနာရုံ(ဗာရဏသီ၏ အရှေ့မြောက်ဖက် မိုင်-၁၂၀- အကွာတွင်ရှိသည့် ယခုဥတ္တရာပရာဒေ့ရှ်ပြည်နယ်)တွင် နောက်ဆုံးသြ၀ါဒတော်ကို မိန့်ကြားတော် မူပြီးနောက် ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့သည်။
      “ပြုပြင်စီရင်အပ်သော တရားတို့သည် မမြဲသောသဘောရှိကုန်၏၊ မမေ့မလျော့သော သတိ တရားဖြင့် ကြိုးစားအားထုတ်ကြကုန်လော့။” (ဒီဃနိကာယ်၊ ပရိနိဗ္ဗာနသုတ်၊ ၁၆)
          မြင့်မြတ်သော သံဃာ့အဖွဲ့အစည်းသည် အပါးခြောက်ဆယ်မျှသော အရေအတွက်ဖြင့် သာသနာပြုလုပ်ငန်းကို စတင်ခဲ့စေကာမူ ထောင်သောင်းများစွာဖြစ်အောင် ချဲ့ထွင်နိုင်ခဲ့သည်။ သံဃာတော်အရေအတွက် တရိပ်ရိပ်တိုးပွား များပြား လာခြင်းကြောင့် နေထိုင်စရာကျောင်းများလည်း ပေါများလာခဲ့သည်။ နောက်ပိုင်းကာလများတွင် အဆိုပါကျောင်းများသည် နာလန္ဒာကဲ့သို့သော အိန္ဒိယတက္ကသိုလ်ကြီးများ ဖြစ်လာပြီး၊ ၀ိကရမသီလာ ကဲ့သို့သော ယဉ်ကျေးမှုအမွေနှစ်ဆိုင်ရာ ဗဟိုလ်ဌာနကြီးများ ဖြစ်လာခဲ့ကြသည်။ အာရှတိုက်ကြီး တစ်ခုလုံးကို တဖြည်းဖြည်းလွှမ်းခြုံသွားပြီး၊ ထိုမှတစ်ဆင့် လူသားတစ်ရပ်လုံး ၏ မြင့်မြတ်သည့်ဘ၀ကိုပါ ဖြစ်လာစေခဲ့သည်။
          ဗုဒ္ဓဘာသာသည် အတိုင်းတိုင်း အပြည်ပြည်သို့ ပြန့်နှံ့ရောက်ရှိခဲ့ပြီး ယနေ့ဗုဒ္ဓဘာသာဝင် ဦးရေမှာ သန်းရှစ်ရာကျော်ရှိသည်။ ယင်းမှာ ကမ္ဘာ့လူဦးရေ၏ ငါးပုံတစ်ပုံမကရှိသည်။[†] ယနေ့ခေတ်တွင် ဗုဒ္ဓဘာသာကို သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ ကမ္ဗောဒီယား၊ လာအို၊ ဗိယက်နမ်၊ နီပေါ၊ တိဘက်၊ တရုတ်၊ ဂျပန်၊ မွန်ဂိုလီးယား၊ ကိုးရီးယား၊ ထိုင်ဝမ်၊ အိန္ဒိယနိုင်ငံရှိ အချို့သောပြည်နယ်များ၊ ဘင်္ဂလားဒေ့ရှ်ရှိ စစ်တကောင်းပြည်နယ်၊ မလေးရှားနှင့် အင်ဒိုနီးရှားရှိ ပြည်နယ်အချို့တို့တွင် တွေ့နိုင်သည်။ အနောက်နိုင်ငံ များစွာတို့သည်လည်း သံဃာတော်အရှင်မြတ်တို့၏ အကူအညီကိုရယူကာ ဗုဒ္ဓဘာသာအဖြစ် အသိအမှတ်ပြုခံရအောင် ကျိုးစားလျက်ရှိသည်။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                     Sunday, September 11, 2011
မှတ်ချက်။     ။ ဆရာတော် Thera Piyadassi-၏ “Buddhism A Living Message”စာအုပ်ပါ “The Buddha”ကို ဆီလျော်အောင်ပြန်ဆိုပါသည်။ (တစ်စုံတစ်ရာ ချွတ်ချော်၊လွဲမှားမှုရှိပါလျင် ဘာသာပြန်သူ၏ အားနည်းချက်သာ ဖြစ်ပါသည်။)


[*] PTS (Pali Text Society, London)-မူ ကျမ်းညွှန်းဖြစ်သည်။ ဤဆောင်းပါး(စာအုပ်)ရှိ ကျမ်းညွှန်းများအားလုံးသည် PTS-မူများသာဖြစ်သည်။ (ဘာသာပြန်သူ)
[†] ဤစာအုပ်ကို စတင်ပုံနှိပ်သည့် ခုနှစ်မှာ ၁၉၈၀-ဖြစ်သည်။  ယနေ့ ကမ္ဘာ့လူဦးရေသည် အဆမတန် တိုးပွားလာသကဲ့သို့ ဗုဒ္ဓဘာသာဦးရေမှာလည်း များပြားလာနိုင်ပါသည်။ (ဘာသာပြန်သူ)

၂၀၁၁-နေ့စွဲများ

ဗုဒ္ဓဘာသာ၏ ရှင်သန်နိုးကြား မြတ်တရား (အပိုင်း-၁)

စာဖတ်သူသို့ ပန်ကြားလွှာ
ယနေ့ လူသားတွေသည် သိပ္ပံခေတ်တွင် ရှင်သန်နေထိုင်ကြသည်။ သိပ္ပံခေတ်တွင် နေထိုင်သော လူသားတစ်ယောက်အဖို့ ယုံကြည်ရုံသက်သက်မျှထက်၊ စူစမ်းလေ့လာ အတွေ့အကြုံတို့ဖြင့်သာ အမှန်တရား အားလုံးကို လက်ခံဖို့ရန် တိမ်းညွတ်လာသည်။ မကြာသေးမှီက သိပ္ပံပညာ၏ ရှာဖွေတွေ့ရှိချက်များအရ လူသားတို့သည် သဘောထားအမြင်နှင့် ပတ်သက်ပြီး ပို၍ပို၍ ဆင်ခြင်တုံတရားရှိလာကာ မျက်ကန်းယုံ ကြည်မှုသည် လျင်လျင်မြန်မြန်ပင် ပျောက်ကွယ်သွားသည်။
သိပ္ပံပညာသည် ယေဘုယျအားဖြင့် ဘာသာတရားကို ထိထိမိမိ ခြိမ်းခြောက်လာသည်။ ဤ ခြိမ်းခြောက်မှုသည် လူသား တစ်ယောက်၏ ဘာသာရေးဆိုင်ရာ ခံယူချက်များကို ဆန့်ကျင် တိုက်ခိုက် လာသည်။ ၁၇-ရာစုခေတ် စကြာဝဠာနှင့် ပတ်သက် သည့် မှားယွင်းသောအယူဆများကို ပြောင်းလဲခဲ့ရာတွင် အရေးပါ သူများဖြစ်ခဲ့ကြသည့် ကိုပါနီးကပ်၊ ဂလီလီယိုနှင့် ဘရူနောတို့ အချိန် ကတည်းကပင် ဆန့်ကျင် တိုက်ခိုက်ကြခြင်းဖြစ်သည်။ ပြောင်းလဲ မှု့သီဝရီနှင့် ခေတ်သစ်စိတ်ပညာတို့ကလည်း လူသား၏ ဘာသာ တရား ဆိုင်ရာ ခံယူချက်နှင့် ၄င်းအထွက်အမြတ်ထားသော ကျမ်း စာများကို ဆန့်ကျင်လာခဲ့သည်။
ဗုဒ္ဓဘာသာသည် ထိုကဲ့သို့သော ဆန့်ကျင်တိုက်ခိုက်မှုမျိုးကို ကြုံကြိုက်ခဲ့ပါသလား။ ခေတ်သစ် သိပ္ပံပညာသည် ဗုဒ္ဓ ဘာသာအပေါ် သူစိမ်းသွင်သွင် ရှု့မြင်ခဲ့ပါသလား။ ဗုဒ္ဓဘာသာကို မည်သို့ပင် ဝေဖန်သည်ဖြစ်စေ အစွဲကင်း သော စာဖတ်သူသည် ကနဦးကာလ ဗုဒ္ဓဘာသာအပေါ်နှင့် ယင်း၏ အခြေခံမူဝါဒများသည် သိပ္ပံပညာ၏ ရှာဖွေတွေ့ရှိချက်များနှင့် ကိုက်ညီပြီး၊ မည်သည့်နည်းနှင့်မျှ ဆန့်ကျင်မှု မရှိသည်ကို သဘောပေါက် လာပေလိမ့်မည်။
ခေတ်ဦးဗုဒ္ဓဘာသာသည် ကိုယ်ကျင့်တရား၊ ဘာသာတရားဆိုင်ရာတို့နှင့် ပတ်သက်ပြီး အရေးကြီး သော သိပ္ပံပညာဆိုင်ရာ သဘောထားအမြင်ကို အလေးပေးသည်။ ၄င်း၏ တိကျပြတ်သားသည့် တရားသေ လက်ခံထားသည့် ၀ါဒများကို စိစစ်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ လူ့သဘာဝ၊ စကြ၀ဠာဆိုင်ရာ သဘော တရားတို့နှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ၏ ယေဘုယျသဘောတရားသည် တစ်သားတည်းကျပြီး သိပ္ပံရှာဖွေ တွေ့ရှိချက်များနှင့် ကွဲလွဲချက်မရှိ ကိုက်ညီလေသည်………..။
“မှန်ပါသည်။ ဗုဒ္ဓစာပေတွင် ဇီဝဗေဒဆိုင်ရာ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖော်ပြချက်များ မရှိစေကာမူ လူနှင့်လူ့ပတ်ဝန်းကျင် ကမ္ဘာတို့ကို နိယာမသဘောတရားများအရ ပြောင်းလဲခြင်းနှင့် အဆင့်ဆင့်ဖြစ်ပေါ် ခြင်းများအဖြစ် ရှု့မြင်သုံးသပ်ထားသည်။
ထိုပြင်လည်း ရုပ်-နာမ်နှစ်ပါးကို လူအဖြစ်သတ်မှတ်ပြီး ၄င်း၏စိတ်ကို မပြောင်းလဲသော ၀ိညာဉ် ကောင်အဖြစ်မဟုတ်ပဲ၊ ကလေးဘ၀နှင့် အတိတ်ဘ၀များကို ပြန်လည်အောက်မေ့တတ်သော မှတ်ဥာဏ် ဟောင်းများကို သိုမှီးသိမ်းဆည်းထားပြီး စွမ်းအားကြီးသည့် အဆက်မပြတ်ဖြစ်စဉ်ကို ဖွဲ့စည်းထားသော သိစိတ်နှင့် မသိစိတ်များအဖြစ် အစောပိုင်းဗုဒ္ဓဘာသာသာဆိုင်ရာ စိတ်ပညာတွင် တွေ့ရသည်။ ထို ကဲ့သို့သောစိတ်ကို အာရုံတို့၌တပ်မက်မှု (ကာမတဏှာ)၊ ဘ၀တည်မြဲခြင်းကိုတပ်မက်မှု (ဘ၀တဏှာ)နှင့် ဘ၀ပြတ်ခြင်းကိုတပ်မက်မှု (၀ိဘ၀တဏှာ)-ဟူသော တဏှာသုံးမျိုး၏ လွှမ်းမိုးချုပ်ကိုင်မှု့အောက်တွင် ပြုမူ လုပ်ဆောင်ရန် စေ့ဆော်ပေးသောစိတ်ဟု ဆိုကြသည်။ ပြန်လည်မွေးဖွားခြင်းကို ယုံကြည်ရန်မှတပါး စိတ်နှင့် ဆိုင်သော သဘောထားသည် အတော်ကိုခေတ်မှီသည်ဟု ထင်ရသည်။ ဗုဒ္ဓဘာသာတွင်တွေ့ရသော တဏှာသုံးမျိုးနှင့် စိပညာရှင်ဖရွိုက် ထုတ်ဖော်ခဲ့သည့် ဂရိဒဏ္ဍာရီလာ နတ်ဘုရားအယ်ရို့စ်၊ လီဘီဒိုနှင့် သနတိုစ်တို့နှင့် ပတ်သက်သည့် သီအိုရီများကြားတွင် မျဉ်းပြိုင်ဖြစ်နေမှုကို အားလုံးသတိပြုမိကြသည်။[1]
ဗုဒ္ဓဘာသာနှင့်ပတ်သက်သည့် ဘ၀နေနည်း၊ အမြင့်မြတ်ဆုံး သစ္စာတရားကို မိမိရရဆွဲကိုင်နည်း၊ မသိမှုအ၀ိဇ္ဇာမှ အပြည့်အ၀သိခြင်းဝိဇ္ဇာကို ဖြစ်စေခြင်းသည် သဘောတရား အသိဥာဏ်သက်သက်ဖြင့် သို့တည်းမဟုတ် သိပ္ပံပညာမျှဖြင့် အမှီသဟဲပြုထားခြင်းမဟုတ်ပဲ လိုက်နာကျင့်သုံးသူအား ဥာဏ်အလင်းနှင့် အန္တိမလွတ်မြောက်မှု့ကို ဦးတည်စေသည့် လက်တွေ့ကျသော တရားတော်ကို လက်ခံကျင့်သုံးမှု အပေါ်တွင်သာ မူတည်ကြောင်း ပြောဆိုထားသည်။ ဗုဒ္ဓသည် သက်ရှိသတ္တ၀ါများကို သက်မဲ့အရာ ၀တ္ထုများထက် ပို၍အလေးထားတော်မူသည်။ ဗုဒ္ဓ၏ တစ်ခုတည်းသော ရည်မှန်းချက်သည် သတ္တ၀ါတို့၏ ဘ၀ဖြစ်တည်မှုနှင့်သက်ဆိုင်သည် အသိခက်မှု့ကို ဖြေရှင်းဖို့ရန်ဖြစ်ပြီး၊ ဤနည်းဖြင့် ဘ၀ဖြစ်ပေါ်မှု့ကို ဖြေရှင်းရန်ဖြစ်သည်။ ဤအချက်ကို မြတ်ဗုဒ္ဓသည် အခြေခံလူကျင့်ဝတ်တရား ဘ၀အမှန်တရားများဖြစ်သော သစ္စာလေးပါးတို့အား အပြည့်အ၀ နားလည်သဘောပေါက်စေခြင်းဖြင့် ဆောင်ရွက်တော်မူခဲ့သည်။ ဗုဒ္ဓသည် ဤသစ္စာတရားများကို နားလည်သိမြင်ခြင်းအား အမှန်တရားကို ရှာဖွေနေသူများအတွက် လမ်းကြောင်းသာ ခင်းပေးခဲ့ပြီး၊ မည်သည့်အခါမျှ အတင်းအဓမ္မ စေခိုင်းခြင်း မရှိခဲ့ပေ။ ဗုဒ္ဓသည် လူတို့အား သူ့လမ်းကြောင်းကို လိုက်ရန် မည့်သည့်အခါမျှ အတင်းအကျပ်မစေခိုင်းခဲ့။ အကြောင်းမှာ မဖြစ်မနေလုပ်ရခြင်း၊ အတင်းအကြပ် နိုင်ထက်စီးနင်းပြုခြင်းသည် ဗုဒ္ဓ၏ တရားတော်ကို ညွှန်ကြားပြသည့်နည်းလမ်းနှင့် တစ်သီးတစ်ခြား တစ်ပါးစီ ဖြစ်နေသောကြောင့်ပင်။ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးဆုံးဖြတ်ရန် ဖိတ်ခေါ်သံကိုကြားခြင်းဖြင့် အစက တည်းက ဘာသာတရားအပေါ် ယုံကြည်မှု့ကင်းမဲ့သူများကို ကျေနပ်နှစ်သက်စေပါလိမ့်မည်။ အစကနေ အဆုံးတိုင် ဗုဒ္ဓဘာသာသည် ကြည့်ရှု့ရန်မျက်လုံးပါသူအားလုံးနှင့် သဘောပေါက်ရန် ဥာဏ်ရှိသူအားလုံးကို ဟင်းလင်းဖွင့်ထားသည်။ ဗုဒ္ဓသည် တပည့်သာဝကတို့အား သူ့အပေါ်တွင် မျက်ကန်းယုံကြည်မှု့ကို တွန်းအား မပေးပဲ သစ္စာတရားကို ရှာဖွေနေသူများကို လာပါကြည့်ပါ (ဧဟိပဿိက)ဟု ဖိတ်မန္တကပြုထားပြီး၊ သူ၏ တရားတော်များကိုသာ စူးစမ်းလေ့လာစေလိုသော ဆန္ဒရှိတော်မူခဲ့သည်။ ယင်းအချက်သည် ဗုဒ္ဓ ကိုယ်တော်တိုင် ထောက်ခံထားသော သိမြင်-နားလည်ခြင်းမျိုးဖြစ်ပြီး၊ မျက်စိမှိတ်ယုံကြည်ခြင်းမျိုး မဟုတ်ပါ။
မျက်မှောက်ကာလတွင် ကမ္ဘာကြီးတိုးတက်စည်ပင်ဖို့ ကမ္ဘာနှင့်အ၀ှန်း မနေမနား အလုပ်တွေ လုပ်နေကြသည်။ သိပ္ပံပညာရှင်များက နည်းလမ်းအဖုံဖုံနောက် တကောက်ကောက်လိုက်ရင်း မလျှော့သော ဇွဲ၊ ကြံ့ခိုင်သော စိတ်ဓာတ်တိုဖြင့် စမ်းသပ်လေ့လာနေကြသည်။ ထိတွေ့ဆက်ဆံခြင်းနှင့် ဆက်သွယ်ရေး နည်းစနစ်တို့၏ ခေတ်မှီရှာဖွေတွေ့ရှိချက်များ၊ နည်းလမ်းများသည် ချောက်ချားစရာကောင်းလောက်အောင် အကျိုးသက်ရောက်မှု့တွေကို ဖြစ်ပေါ်စေခဲ့သည်။ ဤတိုးတက်မှု့များ အားလုံးသည် အကျိုးသက်ရောက်မှု့ နှင့် ကောင်းကျိုးတရားများ ရှိစေကာမူ သဘာဝတရားတွင်ရှိသော ရုပ်ပိုင်းဆိုင်ရာနှင့် အပေါ်ယံ သက်သက် မျှသာ ဖြစ်သည်။ သိပ္ပံပညာရှင်သည် ပြင်ပကမ္ဘာကြီးကို သူ၏ချယ်လှယ်မှု့အောက်သို့ သယ်ဆောင်လာ ခဲ့သည်။ ကမ္ဘာလောကကြီးကို ကောင်းကင်ဘုံတစ်မျှ ဖြစ်အောင် ဖန်ဆင်းပေးမည်ဟု ကတိပြုနေသယောင် ထင်ရသည်။ သို့တစေ လူသားတို့သည် သိပ္ပံ၏ အကျိုးသက်ရောက်မှု့အားလုံးကို ရရှိနေသော်ငြားလည်း မိမိစိတ်ကိုမူ မထိန်းချုပ်နိုင်သေး။ လူ၏ စိတ်နှင့်ရုပ်တရားများ ပေါင်းဆည်းမှု့အတွင်း မြောက်များလှစွာ သော အံ့ဖွယ်များမှာ သိပ္ပံပညာရှင်တို့အတွက် နှစ်ပေါင်းများစွာကြာအောင် ရှာဖွေမတွေ့နိုင်ပဲ အလုပ်များ နေလျက်ပင် ရှိနေသေးသည်။
သိပ္ပံပညာရှင်တစ်ယောက်အဖို့ အသိပညာသည် သူ့အား သက်ရှိကမ္ဘာကြီးနှင့် တစ်စတစ်စ ချည်နှောင်ထားသည့် အရာဖြစ်သည်။ သို့အတွက်ကြောင့် ထိုကဲ့သို့သော အသိပညာမျိုးသည် အဖတ်ဆယ် လို့ရသည့် အသိပညာမျိုးမဟုတ်ပေ။ ကမ္ဘာလောကဓာတ်ကြီးနှင့် အရာအားလုံးအပေါ်တွင် သင့်တော်သော အမြင်ဖြင့်ရှု့ထောင့်ကနေ မြင်တတ်သူအတွက် ဘ၀၏ အဓိကအကြောင်းခြင်းရာသည် ထင်မြင်ချက် သက်သက်မျှမဟုတ်၊ စိတ်ကူယဉ်နယ်ပယ်အတွင်းသို့ အချည်းအနှီး စီဆင်းခြင်းမျှ မဟုတ်၊ ဒုက္ခအားလုံးမှ လွတ်မြောက်ပြီး ချမ်းသာစစ် ချမ်းသာမှန်ကို ရရှိရေးသာဖြစ်သည်။ ထိုသူ့အတွက် စစ်မှန်သော အသိ ပညာသည် ပရမတ္ထတရားနှင့် ညီညွတ်သလား?၊ ၄င်းအသိပညာသည် လူသားတွေအား စိတ်ငြိမ်းအေး တည်ငြိမ်မှု့နှင့် စစ်မှန်သော ချမ်းသာကို ရရှိစေရာတွင် အသုံးဝင်သလား?ဆိုသည့် ပဓာနကျသော မေးခွန်း ပေါ်တွင် မူတည်နေပေသည်။
မည်သို့ဆိုစေ သိပ္ပံပညာရှင်တစ်ယောက်ပဲဖြစ်ဖြစ် သို့တည်းမဟုတ် သာမန်လူပဲဖြစ်ဖြစ် ကိုယ်ကျင့် တရား၏ အရေးပါမှု့ကို နားမလည်ပါလျှင်၊ ကိုယ်ကျင့်သိက္ခာပါရှိသော ကျိုးစားအာထုတ်မှု့၏ အရေးပါမှု့ကို နားမလည်ပါလျှင်၊ ဘ၀အသိပညာကို အသုံးချဖို့ လိုအပ်ခြင်းအား နားမလည်သေးပါလျှင် ဗုဒ္ဓတရားတော် အလိုအရ မရင့်ကျက်သေးသူသာဖြစ်သည်။ ဘ၀တိုက်ပွဲကို မအောင်မြင်ခင် မြောက်များလှစွာသော အခက်ခဲအဟန့်တားတို့ကို ကျော်လွှားနေရဆဲသူသာဖြစ်ပြီး၊ အနှောင်ဖွဲ့အားလုံးမှ လွတ်မြောက်ရာ နိဗ္ဗာန် ဟူသော အမတဆုအတွက် ရုန်းကန်နေရဆဲသူသာဖြစ်သည်။
ဗုဒ္ဓနှင့် ဗုဒ္ဓ၏ တရားတော်များ အကြောင်းကို စာအုပ်ထူကြီးများတွင် ဖတ်ရှု့ရန် ငြီးငွေ့သော  ဗုဒ္ဓဘာသာကို လေ့လာလိုက်စားနေသူများ အနေဖြင့် ဤစာအုပ်ငယ်လေးသည် နှစ်ခြိုက်ဖွယ် အသုံးဝင်ဖွယ် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဗုဒ္ဓဘာသာနှင့် ပတ်သက်ပြီး အသေးစိပ် လေ့လာလိုသူများနှင့် ပြည့်ပြည့်စုံစုံ သိရှိလိုသူများအတွက် ယခုစာရေးဆရာကိုယ်တိုင် ရေးသားထားသော “ဗုဒ္ဓ၏ ရှေးဟောင်း လမ်းစဉ် {The Buddha’s Ancient Path}”[2] စာအုပ်တွင် ဖတ်ရှု့နိုင်ပါသည်။
မေတ္တာဖြင့်-
              အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
  Saturday, August 06, 2011
မှတ်ချက်။     ။ ဆရာတော် Thera Piyadassi-၏ “Buddhism A Living Message”စာအုပ်ပါ “A Word To the Reader”ကို ဘာသာပြန်ဆိုပါသည်။ (ဆီလျော်မှု့မရှိပါလျှင် ဘာသာပြန်သူ၏ အားနည်းချက်သာ ဖြစ်ပါသည်။)


[1] ဒေါက်တာ ကေ၊အန်၊ ဇယတိလကေ၏ “ဘာသာတရားနှင့်သိပ္ပံပညာ {Religion and Science}”၊ ၀ှီးစာစဉ်-၃၊ ဗုဒ္ဓဘာသာ ဆိုင်ရာ စာပေထုတ်ဝေရေး အသင်း၊ ကန္ဒီ။
[2] ဗုဒ္ဓဘာသာဆိုင်ရာ စာပေထုတ်ဝေရေး အသင်း၊ ကန္ဒီ၊ ၁၉၈၇။

၂၀၁၁-နေ့စွဲများ

အားလုံးကို ကျေနပ်စေချင်သူ
သို့
တစ်ပါးသူအတွက် အစာဖြစ်စေသော်လည်း ကိုယ့်အတွက်အဆိပ်ဖြစ်ခဲ့ရသူ
          သားအဖနှစ်ယောက်သည် အနီးနားရှိ မြို့ဈေးတွင်ရောင်းရန် မြည်းတစ်ကောင်ကိုဆွဲလာသည်။ သိပ်သိပ်ဝေးဝေးမရောက်ခင်မှာပင် တသောသောရယ်မောနေသည့် မိန်းမပျိုတစ်စုနှင့် တွေ့လိုက်ရသည်။
          မိန်းမပျိုတစ်ယောက်က လှန်းပြောလိုက်သည်။ “ဟိုမှာ ကြည့်လိုက်ပါဦး”၊ “ဒီလောက်နုံအတဲ့လူမျိုးများ မတွေ့ဖူးပေါင်၊ မြည်းကိုစီးလျှင် ရရဲ့သားနဲ့ မစီးပဲ ပင်ပင်ပမ်းပမ်း လမ်းလျှောက်လာတယ်။” ထိုစကားကို အဖိုးအိုကြားသောအခါ အလျှင်အမြန်ပင် သူ့သားကို မြည်းပေါ်ကိုတက်ခိုင်းလိုက်သည်။ ထိုနောက် ခရီးဆက်ခဲ့ကြပြန်သည်။
          သားအဖနှစ်ယောက်သည် မကြာမှီမှာပင် သစ်တစ်ပင်အောက်တွင်ထိုင်နေသာ ယောက်ျားတစ်စုရှေ့ကိုရောက်လာသည်။ ထိုအထဲမှတစ်ယောက်က “အဲဒါပဲ”၊ “ဒါ ငါ့စကားကိုထောက်ခံတာပဲ၊ ဒီနေ့ခေတ်ကြီးထဲမှာ ကြီးသူတွေကို အရိုအသေမပေးကြတော့ဘူး၊ မင်းတို့တွေ့တဲ့အတိုင်းပဲလေ၊ အသုံးမကျတဲ့သားက မြည်းပေါ်စီးလို့၊ အိုကြီးအိုမနဲ့ ဖအေကြီးခမျာ ဘေးကနေလျှောက်နေရတယ်”လို့ ပြောလိုက်သည်။ ၄င်းစကားမဆုံးခင်မှာပင် သားကမြင်းပေါ်ကဆင်းပြီး ဖခင်ကိုမြည်းပေါ်တင်လိုက်သည်။ မလှမ်းမကမ်းအရောက်တွင် အမျိုးသမီးကြီးများနှင့် ကလေးတစ်သိုက်ကို ဘွားကနဲတွေ့လိုက်ရပြန်သည်။ “အမလေးတော် ငပျင်းကြီးနှယ် ဖြစ်နေလိုက်တာ” “သားကိုလမ်းဘေးကလျှောက်ခိုင်းပြီး ကိုယ်ကတော့ မြည်းကိုစီးရက်ပါပေ့၊ ကလေးကိုနောက်ကနေ တင်လိုက်ပါလား”လို့ အမျိုးသမီးများက ၀ိုင်းအော်ကြပြန်သည်။ စိတ်ကောင်းရှိသော အဖိုးကြီးခမျာ ချက်ချင်းဆိုသလိုပင် သားငယ်ကိုမြည်းပေါ်တင်လိုက်သည်။ သို့နှင့် မြို့အစွန်နားကို ရောက်လာသည်။ တောသားနှစ်ယောက်၏ဖြစ်ပုံကို မြင်တွေ့လိုက်သော မြို့သားတစ်ယောက်က ဒီမြည်းကို ကိုယ်လူပိုင်တာလားဟု မေးလိုက်သည်။ အဖိုးအိုက ဟုတ်ကြောင်းပြောလိုက်သည်။
          “အင်းလေ၊ တခြားလူတွေကတော့ ဒီလိုတွေချင်မှ တွေးမှာပေါ့”။ “ကိုယ်လူတို့စီးလာတဲ့ လမ်းတစ်လျှောက်လုံး ဒီသနားစရာမြည်းကိုမစီးပဲ သူ့ကိုထမ်းလာသင့်တာ၊ ကိုယ့်လူတို့ရဲ့ မတန်တဆခန္ဓာကြီးတွေနဲ့ သတ္တ၀ါလေးကိုမသတ်ပါနဲ့လား။”လို့ မြို့သားတစ်ယောက်က လှန်းပြောလိုက်သည်။
          အမြင်မတော်ဘူးဆိုရင် ပြင်လိုက်ပါမယ်လို့ အဖိုးအိုကပြန်ပြောလိုက်သည်။ ထိုနောက် သားအဖနှစ်ယောက်သား မြည်းပေါ်ကနေဆင်းလိုက်ကြပြီးနောက် မြင်း၏ခြေထောက်နှင့် အလက်တွေကို စုချည်လိုက်သည်။ ထိုနောက် ၀မ်းလုံးဖြင့်လျိုထမ်းကာ မြို့ကိုဦးတည်ရာ တံတားပေါ်ကို ဖြတ်လျှောက်ခဲ့ကြသည်။ မြည်းကိုထမ်းလာသော သားအဖနှစ်ယောက်၏ ဖြစ်ပုံမှာ မြို့ကြီးသားတွေအဖို့ ဟားတိုက်စရာမြင်ကွင်းဖြစ်နေသည်၊ လူအုပ်ကြီးမှာ ၄င်းတို့နောက်ကနေ စုပြုံလိုက်ပြီး လှောင်ပြောင်ရယ်မောကြသည်။ ထိုကဲ့သို့ ဆူဆူညံညံအသံများကို မြည်းကမကြိုက်။ ကန်ကျောက်ရုန်းကန်သည်။ ချည်ထားတဲ့ကြိုးတွေ ပြတ်ကုန်ပြီး ၀ါးလုံးကနေလျောကာ မြစ်ထဲကိုထိုးကျသွားသည်။ ထိုအဖြစ်ပျက်ကြောင့် အဖိုးအိုမှာ အရှက်ကွဲပြီး စိတ်ပျက်ပျက်နှင့် အိမ်ပြန်ခဲ့ရတော့သည်။                 ။ (အားလုံး၏ အလိုဆန္ဒကို ဖြည့်ဆည်းပေးခြင်းဖြင့် မည်သူ၏ ကျေနပ်နှစ်သက်မှုကိုမရနိုင်)။
မှတ်ချက်။     ။ အကွိုင်းနစ်တက္ကသိုလ်၏ ပြဋ္ဌာန်းစာဖြစ်သော Preliminary Course, Selections (1)-မှ ထုတ်နှုတ်ကာ စီလျော်အောင်ပြန်ဆိုပါသည်။ ။
            သူ (သရက်)
Sunday, June 26, 2011

၂၀၁၁-နေ့စွဲများ

ကြမ္မာငင်ဆန္ဒ

“မှောင်မိုက်တဲ့ည ပျက်သုဉ်းပြီးရင်
လှပတဲ့နေသစ်လေး ရောက်လာမှာပဲလေ
လောကအလင်း ရှင်နေမင်းထတော့ ကြာပန်းတွေပြုံးပြကြပေါ့”…
အတွေးရေအလျဉ်ကြား ပျော်ဝင်သွားခဲ့ပျားငယ်လေး ကြာပွင့်လွှာကြား သောကပွားခဲ့ရ
အိုး…..သေမင်းရဲ့တံခါးခေါက်သံလား
တောဘုရင်လက်တွင်းမှာ ကြာတစ်ပင်လုံး ဇီဝိန်ပြုန်းခဲ့ပြီ…..

တစ်ခုသောညနေခင်း….
သူရိန်နေမင်းသည် အနောက်ဂေါ်ယာကျွန်းဆီ လေးလေးဖင့်ဖင့်ဖြင့် ၀င်ရောက်သွား ခဲ့လေပြီ။ ကျေးငှက်သာရကာတို့သည် မိမိတို့အသိုက်နန်းဆီ အလျှင်အမြန် သုတ်ခြေတင်နေကြပြီး ညသခင် တောဘုရင်တို့ကမူ သားဖမ်းပွဲကို တိတ်တဆိတ် လှုပ်ရှားနေခဲ့ကြသည်။ ဒီအချိန်မှာ.. အလုပ်များနေတဲ့ ပျားငယ်တစ်ကောင်မှာ မွတ်သိပ်မှုတွေကိုဖြေဖျောက်ရန် နောက်ဆုံးအကြွင်းကျန် ၀တ်မှုံလေးကို ရှာဖွေယင်း လူးလားခေါက်ပြန် ပျံသန်းနေခဲ့သည်။ ထိုစဉ် သူ့ရဲ့မြင်ကွင်းအောက်မှာ ကြာပန်တွေဝေဆာနေတဲ့ ရေကန်ကြီးတစ်ကန်ကို ဘွားကနဲတွေ့လိုက်ရပြီး ခမ်းလုလုဝတ်ရည်ကို အငမ်းမရလွေးဖို့ ပိုးသားတမျှနူးညံ့လှသော ကြာပန်း၏ပွင့်ချပ်ပေါ်တွင် သက်ဆင်းလိုက်သည်။ ပျားငယ်ဟာ ကြပန်းရဲ့အလှဘ၀ကို မပျက်ဆီးစေပဲ ၀တ်ရည်အချို့စားသုံးရုံမျှသာဖြစ်သည်။ သို့စေကာမူ ၀မ်းနည်းစရာ အကြောင်းကဖန်လာသည်။ နေမင်းကွယ်ပျောက်ချိန်တွင် ကြာပန်းရဲ့ ပိုးသား ၀တ်လွှာတွေက ပြန်လည်ပိတ်သွားခဲ့သည်။ ၀မ်းမလှသေးသော သံသရာခရီးသည် ပျားငယ်လေး မှာ ချောင်ပိတ်မိခဲ့ရတော့သည်။ ဒါပေမဲ့ သူက မျှော်လင့်ချက်ကိုမစွန့်လွှတ်။ သိမ်မွေ့လှသော ကြာပန်းရဲ့အကျဉ်းစခန်းမှာ အတုပ်နှောင်ခံနေရပေမဲ့ သနားစရာ တထိတ်ထိတ်ခုန်နေတဲ့ မိမိနှလုံးသား ကို မျှော်လင့်ချက်ရောင်ခြည်တို့ဖြင့် ဖေးမကာ ရှင်သန်နေခဲ့သည်။ 
“လှပတဲ့ အရုဏ်ဦးကိုမွေးဖွားဖို့ အမှောင်လွှမ်းတဲ့ညဟာ ကုန်ဆုံးတော့မှာပါ။ နေအမြင့်မှာ ကြာပန်းဟာ ငွားငွားစွံ့စွံ့ပြန်ပွင့်လာရင် ငါရဲ့အပေါင်းအသင်း သူငယ်ချင်းတွေနဲ့ ပြန်လည်ဆုံတွေ့ဖို့ အကျဉ်းစံဘ၀ကနေ မကြာခင် လွတ်မြောက်တော့မှာပါ”။
ဘုရား….ဘုရား….! မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခု။ ရေကန်းလေးသို့ ဦးတည်ရာလမ်း အတိုင်း တောဘုရင်ဆင်မင်းသည် ဣနြေ္ဒရရ ကြွချီလာနေသည်။ မြိန်မြိန်ရှက်ရှက်သောက် သုံးကာ သူ၏ကြီးမားလှသောနံပါးနှစ်ဘက်ကို ရေစင်အေးတို့ဖြင့် ပက်ဖျန်းကာချိုးနေသည်။ ကြီးမားသော နှာမောင်းက ရသစေစားရာ ပျားငယ်လေးရဲ့ အကျဉ်းစခန်းဖြစ်သော ကြာပွင့်ထံမှ လွင့်ပျံလာသော စွဲမက်ဖွယ်ရနံ့ကို တရှိုက်မက်မက်ရှူရှိုက်ယင်း နှာမောင်းတရမ်းရမ်းနဲ့ ရှာဖွေနေသည်။
ချက်ချင်းဆိုသလို ကြာပင်ကိုဆွဲနူတ်ပြီး အပွင့်ရော အရွက်ပါမကျန် ဆင်ကြီး၏ ချိုးခြေ၀ါစားခြင်းကို ခံလိုက်ရသည်။ ပျားငယ်လေးလဲ ဆင်ကြီး၏အစာအိမ်အတွင်း ဘ၀နိဂုံးချုပ်သွားသည်။ သနားစရာ ပျားငယ်လေးအဖို့ မျှော်လင့်ချက်တွေ သဲထဲရေ သွန်ဖြစ်ခဲ့ပြီး သေမင်းခေါ်ဆောင်ရာ ကို ကောက်ကောက် ပါအောင် လိုက်ပါခဲ့ရလေပြီ။
ဘ၀ဆိုတာ ဒီလိုပါပဲ။ ခဏတာလေး ရှင်သန်ခွင့်ရပြီး အမြဲလို ပျက်သုဉ်းနေရ သည်။ နောက်တစ်နေ့ နေထွက်တာကို တွေ့မြင်သည်အထိ အသက်ရှင်နေပါမယ်လို့ ဘယ်သူက အတိအကျပြောနိုင်မှာလဲ။ ရှုချင်စဖွယ်တင့်တယ်နေတဲ့ ပန်းရဲ့အလှ သာယာ ငြိမ့်ညောင်းတဲ့ ကျေးငှက်တို့ရဲ့တေးသီသံ ပြီးတော့ ပျာငယ်ရဲ့ညီးတွားသံ အားလုံးဟာ မျက်တောင်တစ်ခတ် လျပ်တစ်ပျက်ခန့်သာကြာသည်။
တွေ့ဆုံခြင်းအားလုံးသည် လက်ပြနူတ်ဆက်ခွဲခွာခြင်းဖြင့် အဆုံးသတ်ပြီး ရှင်သန်ခြင်းဆိုတာ လည်း သေဆုံးခြင်းမှာပင် ဇာတ်သိမ်းရပါသည်။ ပဉ္စာလက်ဆန်လွန်းတဲ့ ဒီလောကြီးမှာ ကံကြမ္မာဖေးမ မှုအောက်က သံစဉ်လှတဲ့တေးသွားတစ်ပုဒ်ကို တီးခတ်နေရသလို ဘ၀ကို မကြောင့်မကြနဲ့ သက်တောင့် သက်သာဖြတ်သန်းနေရတော့ ရယ်လိုက်မောလိုက်နဲ့ မေတ္တာရေစင်သွန်းဖျန်းကာ ရွှင်ရွှင်လန်းလန်းနဲ့ ရှင်သန်နေလိုက်ကြသည်။ မကြာပါဘူးလေ…. ရှိတ်စပီးယားရဲ့ပြဇာတ်ထဲကလိုပဲ “ဒုက္ခဆိုတာ တစ်ကိုယ်တည်း မလာတတ်၊ အဖော်ပေါင်းလာတတ်တယ်တဲ့” … ဆံမြိတ်လည်းပြေ ပန်းလည်းကြွေချိန်ကျပြီး ၀မ်းနည်းကြေကွဲဖွယ်တွေနှင့်ကြုံတွေ့လာတဲ့အခါ ဘ၀ဆိုတာ ဒုက္ခသုက္ခတွေရဲ့ ရုပ်ပုံလွှာပါဆိုတာ ထင်ရှားလာတော့သည်။
အင်း……. အစွဲတွေကင်းတဲ့ အမြင်ရှင်းတဲ့သူအဖို့ ရုပ်ဝတ္ထုတွေရဲ့ စစ်မှန်တဲ့အနှစ်သာရ သဘောတရားမဲ့တာတွေကို ရှာဖွေတွေ့မြင်မှာပါလေ။ သူဟာ အရာအားလုံး ပျက်သုဉ်းခြင်းတံခါးဝကို အတင်းပို့ဆောင်ခံနေရချိန် အပြုံးမပျက်နေနိုင်ပြီး လောကဓံတရားတွေအောက်မှာ မတုန်မလှုပ် ကြံ့ကြံ့ခံရပ်တည်ကာ ဘာသာတရားရဲ့ လမ်းညွှန်မှုအောက်မှာ ကျင့်သားရနေပါပြီ။ တကယ်ပါပဲ …. သူလိုလူဟာ လူဖြစ်ရကျိုးနပ်ခဲ့ပါပြီလေ။
သူတော်စဉ်တွေဟာ ကာမဂုဏ်အာရုံတွေကိုရှောင်ကြဉ်ပြီး စွဲမြဲတဲ့သတိတရား စိတ်ရှည်သည်းခံခြင်း ရိုးသားဖြောင့်မတ်ခြင်းတို့ကို တည်ဆောက်ကာ စိတ်ဆင်ရိုင်းကို ကျုံးသွင်းထားသည်။ ဒါဟာ စိတ်၏ငြိမ်းချမ်းသာယာမှုကို ပေးစွမ်းနိုင်သော တစ်ခုတည်းသော ကျင့်စဉ်ဖြစ်သည်။
ဥပေက္ခာတရားကိုမွေးမြူဖို့ အမှန်တကယ်တောင့်တလျှင် ကံ၊ ကံ၏ အကျိုးတရားတွေကို ရှင်းရှင်းလင်းလင်း နားလည်လက်ခံတတ်ဖို့ လိုအပ်လှပါသည်။ ကံရဲ့စီမံဆုံးဖြတ်ချက်အောက်မှာရှိသော သက်ရှိ၊ သက်မဲ့ အရာတွေအားလုံး အပေါ်တွင် အစွန်းလွတ်သော အပြုသဘောတရားတွေကိုထားနိုင်စွမ်း ရှိလာမှာလည်းဖြစ်သည်။ ဥပေက္ခာ၏ အနီးကပ်ဆုံးသဘောတရားဆိုသည်မှာ သူသူငါငါ သတ္တ၀ါအားလုံး ဟာ ကံဇာတ်ခုံပေါ်က သရုပ်ဆောင်တွေမျှသာဆိုတာကို ရှင်းလင်းစွာနားလည်သိမြင်ခြင်းဖြစ်သည်။
လူသားတို့ ခဏတာနားခိုနေသော ဤကမ္ဘာလောကကြီးသည် ကြာပွင့်ကြီးတစ်ပွင့်လိုဖြစ်သည်။ ယင်းအထဲမှာ ဇနီးမယား သမီး၊သားတွေ လင်ယောက်ျားတွေ အလိုမပြည့်ဝမှုတွေနဲ့ အဆက်မပြတ် လှုပ်ရှားရုန်းကန်ပြီး ချစ်ခင်မြတ်နိုးမှုတွေ ယုယတွယ်တာတာတွေကို ရှာဖွေနေကြရသည်။ မဆုံးနိုင်သော မျှော်လင့်ချက်တို့ဖြင့်အုဌ်မြစ်ချကာ မနက်ဖန်ဆိုတာကို ရုပ်လုံးဖော်နေကြသည်။ ဒီလိုနဲ့ တစ်နေ့မှာ ရုတ်တရက်ဆိုသလို မျှော်လင့်မထားတာတွေဖြစ်လာသည်။ ဘ၀နေ၀င်ချိန်နှင့်အတူ မရဏဆင်မင်းဟာ အားလုံးရဲ့ဘ၀တွေကို နင်းခြေဖျက် ဆီးပြီး မျှော်လင့်ချက်တွေ ကို မြုပ်နှံသင်္ဂြိုဟ်ဖို့ ရောက်လာသည်။
“ရှင်သန်ခြင်းရဲ့တစ်ဖက်ဟာ ပ၀ါပါးနောက်ကသေမင်းလိုပဲ။
ကဗျာဆရာပြောတာကို နားဆင်ကြည့်ပါ….
သင်္ခန်းစာယူကြ…. မှန်မှန်ကန်ကန်သဘောပေါက်ကြတဲ့…
ဘ၀ဆိုတာ အိပ်မက်ပမာ
လွင့်မြောနေတဲ့ပုံရိပ်တွေဟာ စိတ်ကူးယဉ်အိပ်မက်တွေရဲ့ မြူမှုံကလွဲလို့
ဘာများဖြစ်နိုင်မှာလဲ
ပြင်ဆင်ချယ်သ ယုယနေရတဲ့ဒီခန္ဓာဟာ
မီးလျှံကြားက ပန်းတစ်ပွင့်ထက်ပိုမကြာပါဘူး….
စည်းစိမ်ချမ်းသာဆိုတာ ချူးတစ်ပြားမှမရှိတာထက်
ဘ၀ကိုပိုပြီးနစ်မွန်းစေတတ်ပြီး
အသပြာဓန ငယ်ရွယ်နုပျိုခြင်းနဲ့ မာနတရားတွေဟာ
ကန္တာရကြားက ယိုယွင်းနေတဲ့လှည်းယာဉ်တန်းလိုပါပဲ…..”
အစိုးမရတဲ့ကမ္ဘာလောကကြီးဆိုတာကို အတိတ်ကလည်း အကြိမ်ကြိမ်သက်သေခံခဲ့သည်။ နောင်ကိုလည်း ဆက်လက်ထောက်ခံသွားမည်သာဖြစ်သည်။ လူသားမျိုးနွယ်တွေ မြို့ပြယဉ်ကျေးမှုတွေ တရိပ်ရိပ်နဲ့ တိုးတက်စည်ပင်လာသည်။ နောက်တော့လည်း ပင်လယ်ထဲက လှိုင်းတွေလိုပါပဲ။ အသစ်အသစ်တွေ လိမ့်လာဖို့ လှိုင်းဦးတွေပျောက်ကွယ်ပေး ရသလိုဖြစ်နေသည်။ ဒီလိုနဲ့ လူ့သမိုင်းဆိုတဲ့ လက်ဖျတ်တစ်တွက်ကြာ ခန်းနားထည်ဝါမှုတွေ အနှစ်မဲ့တဲ့ပုံရိပ်တွေ တဖြေးဖြေးမှေး မှိန် ပျောက်ကွယ်သွားတာတွေကို ကာလယန္တယားပေလွှာမှာ မှတ်တမ်းတင်ပေးလိုက်သည်။
ဒါကြောင့်လည်း နှောင်းခေတ်လူကြီးသူမတွေက ဆုံးမခဲ့တာ-
“တောင်မင်းရှစ်သွယ် သီတာခုနှစ်စင်း
ရောင်ခြည်တစ်ထောင်အလင်းဆောင်တဲ့ရှင်နေမင်း
ထာဝရနတ်ဘုရားတွေ
ပြီးတော့ မင်းနဲ့ငါ
စကြာဝဠာကြီးတစ်ခုလုံး ဆိတ်သုဉ်းကွယ်ပျောက်ကြရတော့မှာလေ
အားလုံးဟာ သေမင်းလက်တွင်းသက်ဆင်းနေရပြီဆိုမှ
ဘာကြောင့်များ အသက်ပေးချစ်ပါတယ်ဆိုပြီး မာယာတွေနဲ့လှည့်စားနေတော့မှာလဲ.....?
မေတ္တာဖြင့်-
             အရှင်ဥတ္တမာနန္ဒ
Piyadassi ၏ A Bee’s Wish ကို စီလျော်အောင် ဘာသာပြန်ဆိုပါသည်။