သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

တန်ပြန်နားလည်ခြင်း


“တန်ပြန်နားလည်ခြင်း”
နှိုင်းယှဉ်မှုတွေကိုလေ့လာရင်း
မနှိုင်းယှဉ်မိဖို့ သိလာတယ်
ကောင်းကင်ရဲ့ဘဝ
မြေကြီးရဲ့ရသ
တစ်မျိုးတစ်ဘာသာစီပဲ
ယုတ္တိဗေဒတွေနဲ့
ကျိုးကြောင်းစီလျော်မှုကိုရှာရင်း
အစီအငေါ်မတည့်တာတွေလည်းများလှပြီ
နေ၀င်ရင် လထွက်
မထွက်တဲ့နေ့လည်း ရှိမှာပေါ့
မြင့်ရာကနိမ့်ရာကိုစီးဆင်းတဲ့နိယာမဟာ
မိုးပြိုတာကို လှောင်နေသလိုပဲ
သင်ရင်းကြမ်း မြင်လည်းကန်းနဲ့
နားလည်ချင်း ပေးဆပ်ချင်းတွေဟာ
ကိုယ်ကျင့်တရားတွေနဲ့အတူ
မေးခွန်းတွေအောက်မှာ
ခေါင်းမမော့နိုင်ရှာဘူး……….။
                                                   သူ (သရက်)
                                                  Friday, June 08, 2012

ငါဟာ ငါပဲလေ


“ငါဟာ…… ငါပဲလေ”
စံနမူနာယူကာ ခေါင်းညိတ်လိုက်
သင်္ခန်းစာမှတ်ကာ ခေါင်းခါလိုက်ကွယ်
ဘေးလူတွေကိုကြည့်ရင်း
မှန်ရှေ့ရပ်ပြီး
ငါဘယ်သူလဲလို့
ဇဝေဇ၀ါဖြစ်မိတယ်
နဂိုမရှိတော့လည်း
ကိုယ့်အကြောင်းပြောဖို့
တစ်ပါးသူရဲ့ သမိုင်းစာမျက်နှာတွေကိုလှန်လှော
သူမှား ကိုမှန် လူတတ်ဟန်နဲ့
လူတော်ကြီးတဲ့လား
ကူးရဖန်များလို့
မူရင်းတောင်မရှိတော့ဘူး………………………။
သူ (သရက်)
24 Jan 2012

တိမ်တွေရေးတဲ့ကဗျာ နှလုံးသားမှဖတ်ပါလား


“တိမ်တွေရေးတဲ့ကဗျာ နှလုံးသားမှဖတ်ပါလား”
ယုံကြည်မှုတွေရဖို့
စကားတွေနဲ့တည်ဆောက်နေတယ်
လောကကြီးကတော့ ရယ်လျှက်ပဲ
နှစ်လုံးသားနှစ်ခု ပေါင်းစည်းအောင်
လျှာတွေကို ပေါင်းကူးတံတာထိုးမလို့လား
သစ္စာတရားက လှောင်ပြုံးနေပြီ
ငြိမ်နေတဲ့ ကန်ရေပြင်ဟာ
မေတ္တာတရားတွေနဲ့ နက်ရှိုင်းနေတယ်
သွေ့ခြောက်နေတဲ့နှလုံးသားက
အဓိပ္ပာယ်မဖတ်တတ်ဘူး
နားလည်ခြင်းတွေက အော်ငိုနေပြီ
အော်……..
တထိတ်ထိတ်တုန် နှလုံးခုန်စုံလို့
ကြယ်တွေတောင်ကြွေရပြီ
ပန်းတွေသီတဲ့သူကသီပြီး
ပန်ဆင်ဖို့ငံ့လင့်တဲ့သူကလည်း မျှော်လို့ပါလား………။
သူ (သရက်)
        Tuesday, May 29, 2012

ဘယ်သူမပြု မိမိမှု


“ဘယ်သူမပြု မိမိမှု”
မကောင်းမင်းခံ၊ ကောင်းမင်းစံရ
မင်းပြုသမျှ၊ မင်းယူရမည်
မင်းတာဝန်တည်း။
သညာကင်းပျောက်၊ ကိုယ်ကျင့်ကောက်၍
မင်းဗွေဖောက်သော်၊ မင်းသော်ကယ်ရာ
မရှိပါတည်း။
သစ္စာမချစ်၊ ဂုဏ်-ငွေ-မက်၍
ဖြတ်လမ်းမင်းလိုက်၊ မင်းရထိုက်မှာ
မင်းကြမ္မာတည်း။
ပညာမာန်တက်၊ ဋ္ဌာနေပစ်၍
မင်းဖြစ်ရာဇာတ်၊ မင်းဆွေရပ်ကျော်
မင်းမလျှော်တည်း။
မင်းကံမင်းဖန်၊ မင်းကျင့်တန်လို့
မင်းတန်ရာသွား၊ မင်းမှခြားသည်
မရှိပြီတည့်……..။
                                                           အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                        Monday, June 04, 2012

နွေဦးကိုနှုတ်ဆက်တဲ့ဆောင်း

“နွေဦးကိုနှုတ်ဆက်တဲ့ဆောင်း”
နေနိုင်ရက်စက် စိမ်းကားရက်တယ်လို့
သောကဒိုင်ယာယီမှာ
မျက်ရည်စတွေနဲ့ မရေးပါနဲ့
အဖော်ကွဲနေရတဲ့စည်းမှာ
တမ်းတခြင်းကိုအဖော်ပြုရင်း
သတိရခြင်းရင်ခွင်မှာမှေးစက်
အေးစက်နိုင်လို့တော့မဟုတ်ပါဘူး
လိုအပ်ခြင်းတွေနဲ့ပဲ
ဘ၀ဟာ အသားကျနေပါပြီ
နွေဦးဆီရောက်လာတဲ့တဲ့ဆောင်းဟာ
ခွဲခွာဖို့ကြမ္မာကို သယ်လာတာမို့
တော်ရာနေရတဲ့ ဘ၀တွေမှာ
ဆွတ်ပျံ့လွမ်းမောခြင်းတွေနဲ့အတူ
ပျော်ပါစေကွယ်…….။           
သူ (သရက်)
Sunday, June 03, 2012