သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

သေဆို...သေ၊ ရှင်ဆို......ရှင်

“သေဆို…သေ၊ ရှင်ဆို…ရှင်”
ဗေဒင်ဆရာ…. ခင်ဗျားအိမ်ရှေ့မှာ ငှက်ပျောပင်ရှိလား…?
ပထမမေးသူ…. မရှိပါဘူးဆရာ
ဗေဒင်ဆရာ…. မရှိရင်… စိုက်လိုက်။
*****
ဗေဒင်ဆရာ…. ခင်ဗျားအိမ်ရှေ့မှာ ငှက်ပျောပင်ရှိလား…?
ဒုတိယမေးသူ…. ရှိပါတယ်ဆရာ
ဗေဒင်ဆရာ…. ရှိရင်…ခုတ်ပစ်လိုက်။

ဥပေက္ခာခွက်ထဲက ကော်ဖီ

“ဥပေက္ခာခွက်ထဲက ကော်ဖီ”

ငါ့ကိုအဖော်ပြုရင်း
ကဗျာတစ်ပုဒ် ဖန်တီးမယ်လို့
မိုးသည်းတဲ့နေ့တွေမှာ မင်းပြောလေ့ရှိတယ်
ကဗျာဖြစ်ဖို့ ငါကိုစတေးရက်တယ်လို့ မပြောရက်ပါဘူး
နွေးထွေတဲ့ နေ့ရက်တွေကို ဖြတ်သန်းဖို့
အဆုံးတိုင် အဖော်ပြုပေးမယ်………။
ကွန်ပြူတာကိုဖွင့်တိုင်း
စာအုပ်တွေလှန်တိုင်းမှာ
ငါဟာမင်းနှင့်အတူ
လောကကြီးကို လေ့လာဖူးတယ်
ဘာကိုမှ နားမလည်ပေမယ့်
လေ့လာမှုတွေကို ဖက်တွယ်နေတဲ့မင်းကို
မင်းလက်ထဲက အမေ့ခံဘ၀လေးနဲ့
ရူးသွပ်စွာ မက်မောရင်း
ဥပေက္ခာ ပြုရက်လေခြင်းလို့ ငါမဆိုပါဘူး…….။
မင်းတမ်းတတိုင်းမှာ
ငါရောက်မလာနိုင်ပေမယ့်
ငါရှိတဲ့အခါတိုင်းမှာ
မင်းကိုဖြည့်ဆည်းပေမယ်လေ
အမေ့ခံ ဘ၀ဟာလည်း
ကြေကွဲစရာပဲရယ်လို့ စောဒက,မတက်တော့ဘူး
ကြုံသလိုဘ၀ကို မဖြတ်သန်းပါနဲ့
မင်းရဲ့နေ့သစ်တိုင်းကို တောက်ပစေဖို့
ငါ့ကိုငါ လောင်မြိုက်ခွင့်ရတာကိုက
ကံကောင်းခြင်းပဲလေ…..။       ။
                                          သူ (သရက်)
                                       26 April 2012

ဝမ်းနည်းမှတ်တမ်း မဖတ်မိသူသို့

“၀မ်းနည်းမှတ်တမ်း မဖတ်မိသူသို့”
တိမ်တွေငိုတာကို
မိုးရွာတယ်တဲ့
မျက်ရည်ပေါက် ကြီး-ငယ်ကျနေတာကို
လရောင်ဆမ်းသတဲ့
တိမ်တွေရဲ့မျက်ရည်ကို ကမ္ဘာကြီးက အသိအမှတ်ပြုတယ်
ဝမ်းနည်းနေတဲ့ လ-ကို သမုဒ္ဒရာကြီးက နှစ်သိမ့်တယ်….
သွေးမျက်ရည်စီးတဲ့ နှလုံးသားနဲ့
ငါငိုနေတာကို ဘယ်သူမှမသိဘူး
အသံမဲ့နေတယ်
အရောင်လွင့်နေတယ်
ဒြပ်မရှိ အဆင်းမရှိသလို
ခံစားချက်တူသူလည်း မရှိခဲ့ဘူး
နှလုံးသားတစ်ခြမ်းနဲ့အတူ မင်းပျောက်နေတယ်……။
                                                              သူ (သရက်)
                                                            April 20, 2012

သတိ အသိ

“သတိ အသိ”
(မြူး-ထူး-ပျော်-စေ)
နှစ်ကူး မြူးကြစေ
မရူးကြလေနှင့်
မြူးကာ သတိ
ရူးတာ လူသိ။
နှစ်ကူး
ထူးကြစေ
မမူးကြလေနှင့်
ထူးတာ အသိ
မူးတာ ကုန်ထိ။
နှစ်ကူး
ပျော်ကြလေ
မမော်ကြစေနှင့်
ပျော်တာ သူချစ်
မော်တာ လူညစ်။
နှစ်ကူး စေနိုင်သလေ
ငေးငိုင်မနေနဲ့
စေနိုင် လူထက်
ငေးငိုင် လူပျက်။      ။
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                             13 April 16, 2012

အဖေဆိုတာ ဒီလိုမျိုး

အဖေဆိုတာ ဒီလိုမျိုး
တစ်နေ့တွင်……..
သားအဖနှစ်ယောက် မြို့တက်လာသည်။ ရေခဲချောင်းသည်နှင့်တွေ့ရာ ၀ယ်စားရန် ဆုံးဖြတ်လိုက်ကြသည်။ တောအရပ်တွင် ကြားရုံသာ ကြားဖူးပြီး တစ်ခါမျှ မစားဘူးသော ရေခဲဆိုတာကြီးကို စားရတော့ မည်ဖြစ်၍ ၀မ်းသာနေကြ၏။ ရေခဲချောင်းသည်က အရင် ထုတ်ပေးသော ရေခဲချောင်းချောင်းကို သားဖြစ်သူအား အရင်စားစေ၏။ သားဖြစ်သူလည်း အငမ်းမရဖြင့် ကိုက်လိုက်ရာ “အား”ဟု ထအော်လေ၏။ အဖေဖြစ်သူက ကမန်းကတန်းပြောလိုက်၏။ “သေစမ်းကွာ….! အဲသလောက် အ..ရလား……!....ဒီလောက်တောင် အငွေ့တထောင်းထောင်းထနေတာ အနည်းအပါး မှုတ်ပြီးစားပါးလား-ဟူ၏။” ထိုအချိန် ရေခဲချောင်းသည်က လှန်းပေးလိုက်သော ရေခဲချောင်းကို အဖေဖြစ်သူမှာ အားပါးတရမှုတ်လေတော့၏။ သားဖြစ်သူက “ပူတာမဟုတ်ဘူး၊ အေးတာဗျ အဖေရ” ဟု ပြောလိုက်တော့မှ၊ အဖေဖြစ်သူမှာ စောစောကပြောပါလားဆိုကာ ရှက်ရှက်ဖြင့် ရပ်လိုက်တော့၏။
မိုး (အထက်မင်းလှ)
15 April 2012

ဇာတ်ပျက် အနာဂတ်

“ဇာတ်ပျက် အနာဂတ်”
ခရီးဆက်နိုင်ဖို့
နောင်တတွေကို ရိက်ခါထုပ်
အဆိပ်တွေကို
တမြုံ့မြုံ့ငုံရင်း
ရှေ့ဆက်လျောက်
ရေပေါ်မှာ အရုပ်ရေးသလို
အလှကိုဖန်တီးနေကြ
ကြွေကျသွားတဲ့ အတိတ်တွေဆိုတာ
စီးဆင်းနေတဲ့ မြစ်ရေတွေလို
ဟောင်းနွမ်းရင်း သစ်နေတယ်
တိမ်တွေကို ဘယ်သူရေးတာလဲဆိုပြီး
ဘ၀ကို ရသထုတ်နေတယ်။
သူ (သရက်)
       13 April 2012

နှစ်ကူးမေတ္တာ သ၀ဏ်လွှာ

နှစ်ကူးမေတ္တာ သ၀ဏ်လွှာ

သင်္ကြန်ကာလ
ဂိမှာန၀ယ်
မိုးသက်ငယ်ကြူး
လေလည်းမြူးပြီ
ဖူး-ပွင့်-ဝေ-စည်
စီရရီတည့်...။
တို့များဋ္ဌာနေ
တိုင်းမြန်ပြည်ဝယ်
ရေစင်မေတ္တာ
ပိတောက်ရွှေဝါဖြင့်
ကိုယ်-စိတ်နှစ်ဝ
လိုတိုင်းရသည်
အေးမြပြီတည့်။
တိုင်ပြည်ခေါင်လား
တို့မင်းများလည်း
သူတော်အမှု
ပြုထက်ပြု၍
တိုင်းသားပြည်သူ
ကြည်ဖြူစေတည့်။
ရှင်-မြတ်ရဟန်း
ဓမ္မလမ်းဖြင့်
ဦးဆောက်ပန်းသဖွယ်
ကျင့်နယ်ပယ်ဝယ်
ဘုရားမျက်နှာ
ရှုကြည့်လာပြီ
နတ်-လူသာဓု ခေါ်စေပြီတည့်။
မိမြေပြည်ထု
အစပြုကာ
သုံးလောကနေ
များဝေနေတို့
အတ္တ-ပရ
ကျိုးဝနှစ်ထွေ
ရကြစေသား
ရစေသားတည့်….။
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
12 April 2012

Single, But Good Enough


Single, But Good Enough
It is not adequate a single criterion to measure so-called success in life, for there is various fields on it. Subject differs, need differs, accordingly. It is however sufficient to decide so-called human. That is nothing but morality.
With the Best Wish!
                                 Rev. Uttamānanda
                                     10 April 2012

ဒါဟာ...လောကဓံ

“ဒါဟာ…လောကဓံ”
အမြင်ကျယ်လို၍
မိုးထက်သို့ပျံလိုက်ချင်
မုန်တိုင်းနှင့်တွေ့မည်ပင်။
ကြောက်လိုကွဲ့ရှောင်မယ်ပြင်
မြေထက်ပင် မြေဇာမြက်
နင်းဖတ်သာဖြစ်။
အမြင့်ပျံလို့ လောကဓံထင်
နိမ့်ပြန်လည်းမလွတ်ဘူး
ခြားချက်ကယ်ထူး။
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                     7 April 2012

သံသရာလမ်းမှ ဘ၀ရထား

သံသရာလမ်းမှ ဘ၀ရထား
တစ်ဘူတာပြီး တစ်ဘူတာကျော်
ချစ်တဲ့သူကိုခေါ်
မုန်းတဲ့သူမို့လည်း ကျော်လိုဘူး။
မှန်မှန်မောင်းသွား ဒီရထားဝယ်
ပျော်သူတွေလည်းစီး
အပူသည်တွေချည်း ဟုတ်ပေဘူး။
ရင်ဆိုင်ရင်းဝေးကွာ
ကျောကိုင်းလာပြန်စုံ
သွေဖည်လို့ ရနိုင်ဘူး။
ဘယ်ခရီးက စ,လာ
ဘယ်ဝယ်တွင်ဆုံး
လုံးလုံး သိချေဘူး။
မသိ၍ တန့်မနေ
ဆက်ကာလေသွား
ဖန်ဖန်ပင်များခဲ့ပြီ။
မသိခြင်းကို သိမှပင်
စုန်-ဆန်ဝင်ဒီရထား
စက်ရပ်ကာနား…….။   ။
                                                                           
                                                             အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                                             7 April 2012

Go Together, Gain Tureasure!

Go Together; Gain Treasure
The Dhammas, Teachings of the Buddha, are like symbols which provide guidance precisely to Saṃsāric travellers. Simply reading to road signs is unable to reach what one’s destination. After reading guidance, then only makes travel as instructed them, one may reach what he aims at. Reading the instruction is a kind of making effort to know the direction whilst consequently going to is a committing into practice. Knowing is Vijjā and practising is Caraṇa in Pāli. Knowing is like a head of a coin whereas the practising is that of the other side. In other words, knowing and prictising are sides of the same coin.
Note! Treasure means the ultimate goal what one targets.
With Mettā,
                  Rev. Uttamānada

The Goal To Be Distinguished

The Goal To Be Distinguished
            The scholars point out there is many an impure Pāli words are applied in the Pāli texts. For instance, there finds out the terms Saṃghādisesa and Pācittiya in the Vinaya Piṭaka, the Book of Disciplines, which is of vital importance of Buddha Dispensation. A language is not to be attached, indeed. It goes off without hitch in day today life of men. So too, it is needless to adhere blindly to any language when one studies the Dhamma. It is the most crucial to discern what the real essence of Dhamma is.
With Mettā,
                    Rev. Uttamānanda
                       1 April 2012 

တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ

တန်ဖိုးကို ဘယ်လိုသတ်မှတ်မလဲ

          သိမှတ်ခဲ့ဘူးသည့် အဖြစ်ပျက်လေး တစ်ခုရှိ သည်။ မိဘများ ဆုံးပါးသွားကြသည့် ညီအမစ်ယောက်ရှိသည်။ အမဖြစ်သူမှာ အသက် ဆယ့်ရှစ်နှစ် ၀န်းကျင်ခန့်ရှိပြီး ၀င်ငွေအလွန်နည်း လှသော အလုပ်တစ်ခုဖြင့် စတိုးဆိုင်လေး တစ်ဆိုင်တွင် လုပ်ရသည်။ ညီမဖြစ်သူမှာ အသက် ငါးနှစ်ကျော်ခန့် သာရှိသေး၍ အမဖြစ်သူ အလုပ်သွားတိုင်း အထီး ကျန်ခြင်းကိုပင် အဖော်ပြုကာ အမြဲလို အိမ်မှာ ကျန်ရစ်ခဲ့လေ့ရှိသည်။
          ထမင်းနပ်မှန်အောင်ပင် ရုံးကန်နေရသော အမဖြစ်သူမှာ ညီမဖြစ်သူကို မုန့်ဖိုးပေးနိုင်သည်ဟူ၍ မရှိသလောက်ပင်။ သို့ရာတွင် ခရစ်၊စ၊မတ် ကာလရောက်တိုင်း မုန့်ဖိုးအဖြစ် အကြွေစေ့ အနည်းငယ်ကိုတော့ ပေးဖြစ်အောင်ပေးလေသည်။ ဤငွေပမာဏကိုပင် သူမဥာဏ်ရှိပြီး အသုံးစေ့စပ်လွန်းသောကြောင့်သာ ပေးနိုင်ခြင်းဖြစ်သည်။
 တစ်ခုသော ခရစ်၊စ၊မတ်ရာသီတွင်ဖြစ်သည်။ အသက် ငါးနှစ်ကျော် ခန့်သာ ရှိသော ကောင်မလေးတစ်ယောက်သည် အလွန်တန်ဖိုးကြီး လှ သည့်  ရှေးဟောင်း ပစ္စည်းများ ကိုသာ ရောင်းချသော ဆိုင်တစ်ဆိုင်သို့ ရောက်လာသည်။ ဆိုင်ထဲတွင် လူရှင်း ချိန်ဖြစ်၍ ဆိုင်ရှင်အဖိုးကြီး တစ်ဦးသာ ရှိနေသည်။
          ဆိုင်ထဲရောက်လာသည့် ကောင်းမလေးသည့် ပစ္စည်းများကို တစ်ခုပြီးတစ်ခု လိုက်ကြည့်ရင်း အကောင်းဆုံး အလှဆုံးဟု မိမိစိတ်တွင် သတ်မှတ်လိုကသည့် ပစ္စည်းတစ်ခုကို ကောက်ယူလိုက်သည်။ ထိုနောက် ဆိုင်ရှင်အဖိုးကြီးကို ပြောလိုက်သည်။ “ကျမ ဒီဟာကို လိုချင်တယ်၊ ကျမမှာ ရှိတာ အကုန်ပေးမယ်”။ ပြောပြောဆိုဆိုဖြင့် ကောင်းမလေးသည် လက်ကိုင်ပ၀ါနွမ်းလေးဖြင့် တယုတယ ထုပ်ထားသော ငွေအကြွေစေ့လေးများကို ဆိုင်ရှင်အဖိုးကြီးငွေရေသည့် စားပွဲပေါ်သွန်ချပေးလိုက်သည်။
          ပစ္စည်းကို ရွှန်းရွှန်းစားကြည့်နေသော ကလေးမလေး၏ မျက်နှာ၊ မိမိအဖြေကို ငံ့လင့်နေသည့် ယုံကြည့်ချက်အပြည့် မျှော်လင့်ချက်အပြည့်နဲ့ ကောင်မလေး၏အမူရာကြောင့် ဆိုင်ရှင်အဖိုးကြီးက ဆတ်က နဲခေါင်းညိတ်လိုက်သည်။ ကောင်မလေးသည် ပျော်ရွှင်မြူးတူးစွာဖြင့် ဆိုင်ထဲကနေ ခုန်ပေါက်ပြေး ထွက်သွားသည်။
*****

          ခရစ်၊စ၊မတ်ရက်ကို ရောက်ပါပြီ။ ညီအမနှစ်ယောက်အဖို့တော့ ခရစ်၊စ၊မတ်ရက်ဆိုသည်မှာ သာမန်ရက်များထဲက တစ်ရက်သာဖြစ်သည်။ တိတ်ဆိသော အိမ်လေးထဲတွင် ကုန်ဆုံးလိုက်ရသော ရက်များထဲက တစ်ရက်သာဖြစ်ပါသည်။
          ညီမလေးတို့ ခရစ်၊စ၊မတ်လုပ်ရအောင်နော်…….မမ…လို့ ကောင်မလေးကပြောသည်။ မမတို့မှာ ပိုက်ဆံမှမရှိတာ ညီမလေးရယ်လို့ အမဖြစ်သူက ဆို့နင့်စွာပြန်ပြောလိုက်သည်။ အမဖြစ်သူမှာ ညီမလေးကို ခရစ်၊စ၊မတ်ကာလရောက်တိုင်း မဖြစ်စလောက်သော ငွေအကြွေစလေးသာ ပေးနိုင်သည့်မိမိအဖြစ်ကြောင့် သိမ်ငယ်သလိုခံစားမိ၏။ အပြစ်ရှိသလိုလည်း ခံစာရမိ၏။ ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်ဖြစ်မိ၏။ ရွယ်တူကလေးတွေ လမ်းပေါ်မှာ ပြေးလွှားစော့ကစား ပျော်ရွှင်စွာ အော်ဟစ်နေချိန်မှာ ညီမလေးကတော့ မိမိနှင့်အတူ အိမ်လေးထဲတွင်သာ ကုန်ဆုံးရသည်။
  ကျမမှာ မမကို လက်ဆောင်ပေးစရာရှိတယ်။ မမ….လာ။ မျက်နှာကိုအုပ်ထား။ ဖွင့်မကြည့်ရဘူးနော်………..တဲ့။ မျက်နှာအုပ်ထားသော အမဖြစ်သူမှာ နောက်ပြန်လှည့်သွားသော ညီမလေး၏ ခြေသံကိုကြားနေရသည်။ ခဏအကြာတွင် ပြန်လှည့်လာသော ခြေသံကိုကြားရသည်။ မိမိရှေ့ မှာ ရပ်သံကိုကြားလိုက်ရပြီး မမ…..ဖွင့်ကြည့်တော့ဆိုသည့်အသံကို တစ်ပါတည်းကြားလိုက်ရသည်။
         ညီမဖြစ်သူ၏ ထူးဆန်းသည့်အပြုမူကို နားမလည်ဟန်ဖြင့် စောင့်နေရသော အဖြစ်သူမှာ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ မယုံနိုင်အောင်ဖြစ်သွားသည်။ ချက်ချင်းဆိုသလို မျက်နှာတင်းမာသွားပြီး “နင်…… ..နင်……ဒီပစ္စည်းကို ဘယ်ကခိုးလာတာလဲ………မှန်မှန်ပြောစမ်း….! ငါတို့ ဆင်းရဲပေမယ့် ရိုးသားရမယ်လို့ နင့်ကိုပြောထားတယ်မလား။ ငါတို့ဟာ ပိုက်ဆံမချမ်းသာပေမယ့် စာရိတ္တချမ်းသာရမယ်လို့ နင့်ကို ဘယ်နှစ်ခါပြောထားရမလဲ……….လဲ………….လဲ……….လဲ။ စစ်သေနတ်ပစ်သလို တလစပ်ဆူနေသော အမကို စိုးရွံ့စွာပြန်ကြည့်နေသော ညီမလေးကြောင့် အမဖြစ်သူလည်း တုန့်ကနဲဆို ရပ်သွားသည်။
    ညီမဖြစ်သူကို ဖက်ငိုရင်း “ညီမလေးရယ်………….သူများမပေးတဲ့ ပစ္စည်းကိုမယူရဘူးနော်။ ဘယ်သူ့စီကနေ ယူလာတာလဲ မမတို့ ပြန်ပေးလိုက်ရအောင်နော်…............................................…လို့” ညင်ညင်သာသာ ချော့မော့ပြောလေသည်။ “ကျမ……..…ကျမ....……..မမပေးထားတဲ့ မုန့်ဖိုးတွေကိုစုပြီး ၀ယ်လာတာ”။ ခေါင်းငုံ့ထားရင်းကနေ မပွင့်တပွင့်ဖြင့် ပြန်ပြောလိုက်သည်။
       ရှေးဟောင်းပစ္စည်းဆိုင်တွင် အလုပ်,လုပ်ဖူးသော အမဖြစ်သူမှာ ပစ္စည်းတန်ဖိုးကို သိပြီးဖြစ်၍ ဘယ်လိုမှ မယုံနိုင်ပါ။ မိမိတစ်သက်လုံး အလုပ်,လုပ်ပြီး စုရင်တောင် ၀ယ်နိုင်ဖို့မလွယ်။ မိမိပေးတဲ့ မဖြစ်စလောက်မုန့်ဖိုးလေးနဲ့ ဘယ်လိုလုပ်ဝယ်မှာတဲ့လဲ။
          အမဖြစ်သူက အဖန်ဖန် ချော့မော့မေးသည်။ ညီမလေး ခိုးလာတာမလား…...တဲ့။ ညီမဖြစ်သူက အတန်တန်ငြင်းသည်။ ကျမ၀ယ်လာတာ…...ဟူ၏။ ပြေးကြည့်မှ ဒီညီမလေးသာရှိသော အဖြစ်သူသည် ညီမဖြစ်သူကို မရိုက်ရက်ပါ။
        နောက်ဆုံး မတတ်သည့်အဆုံး ၀ယ်လာသည်ဆိုသည့်ဆိုင်ကို လိုက်ပို့ခိုင်းသည်။ ညီမဖြစ်သူကလည်း ယုံကြည်ချက်အပြည့်ဖြင့် ရင်ကော့ပြီး လိုက်ပို့ပေးသည်။ ရှေးဟောင်းပစ္စည်းများကိုသာ ရောင်းချသော အလွန်ကြီးကျယ်လှသည့် ဆိုင်ကြီးထဲကို ညီအမနှစ်ယောက် ရောက်လာသည်။ ဆိုင်ထဲတွင် အဖိုးကြီး တစ်ဦးသာ ရှိနေသည်။
          ကောင်မလေးနှစ်ယောက် ဆိုင်ထဲဝင်လာကတည်းက အဖိုးကြီးက သတိပြုမိပြီးဖြစ်သည်။ ဟိုတစ်နေ့က လာသွားတဲ့ ကောင်မလေးပဲလို့ အငယ်မလေးကိုမြင်တော့ အဖိုးကြီး မှတ်မိသွားသည်။ ဘာကူညီပေးရမလဲ သမီးတို့။ အဖိုးကြီးက နှုတ်ဆက်လိုက်သည်။ အမဖြစ်ဟန်တူသူက ကျမညီမလေး ဦးတို့ဆိုင်က ခိုးထားတဲ့ပစ္စည်းကို ပြန်လာပေးတာပါ။ ကျမတောင်းပန်ပါတယ်။ ညီမလေးက ငယ်သေးတော့ ခွင့်လွှတ်ပေးပါ။ ပြောရင်းဆိုရင်း ညီမငယ်လက်ထဲက ပစ္စည်းကို ယူရန်ဟန်ပြင်လိုက်သည်။
  မဟုတ်ဘူး………….မဟုတ်ဘူး…....……။ ဒါ……............... ညီမလေး ၀ယ်ထားတာ။ အကျောက်အကန်ငြင်းရင်း ကောင်မလေးက ဆိုင်ရှင်ကိုလှန်းပြောလိုက်သည်။ ဖိုးဖိုး… ..…...ဒါ…….သမီးဝယ်ထားတာ၊ ဖိုးဖိုးပဲ ရောင်းလိုက်တာလေ………..နော်………..။ ဟုတ်ပါတယ်ကွယ်။ အဲဒါ………..သမီးလေး ၀ယ်ထားတာပါ။ သမီးလေးရဲ့ဟာပါ။
          ဆိုင်ရှင် ပြန်ပြောလိုက်သော စကားကို အမဖြစ်သူမှာ မယုံနိုင်သေးပါ။ မဖြစ်နိုင်တာ ဦးရယ်။ သမီးတို့က တစ်နေ့လုပ်မှ တစ်နေ့စားရတာ။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘ၀တွေပါ။ ဒီလို တန်ဖိုးကြီးတဲ့ ပစ္စည်းကို ဘယ်လိုမှ မ၀ယ်နိုင်ပါဘူး။ ပြန်ယူပါ ဦးရယ်လို့ အမဖြစ်သူက တောင်းပန်ရင်း စကားဆိုသည်။
     ဒါ……မင်းညီမလေးလား။ သူ……..ငါ့ဆီကနေ တကယ်ကိုဝယ်သွားတာပဲလို့ ဆိုင်ရှင်က တည်တည်တံ့တံ့ဖြင့် ပြန်ပြောလိုက်သည်။ သို့တိုင်အောင် မယုံနိုင်ဖြစ်နေသော အမဖြစ်သူက ဒါဆို “ဒီပစ္စည်းကို ဘယ်လောက်နဲ့ ရောင်းလိုက်တာလဲ..........……ရှင်”။ ဆိုင်ရှင့်စကားကြောင့် အမဖြစ်သူမှာ ဆက်စရာစကားမရှိတော့ပါ။ ဒါကိုတော့ ပြောလို့မဖြစ်ဘူး။ “သူ….......ဒီပစ္စည်းကို အမြင့်ဆုံးဈေးပေးပြီး ၀ယ်သွားတယ်”။ ဘယ်လောက်လဲ ဆိုတာကတော့“တန်ဖိုးဆိုတာ ရောင်းသူနဲ့ ၀ယ်သူကြားက လျို့ဝှက်ချက်ပဲ။ သူလည်းကြိုက်လို့ဝယ်တယ်။ ငါလည်း ရောင်းနိုင်လို့ ရောင်းလိုက်တယ်။
*****
          ဆိုင်ရှင်ကို နှုတ်ဆက်ပြီးနောက် ညီအမနှစ်ယောက် ပျော်ရွှင်စွာဖြင့် ဆိုင်ထဲကနေ ထွက်သွားသည်။ အမဖြစ်သူက မြတ်မြတ်နိုးနိုးဖြင့် ညီမငယ်ကိုချီသည်။ ညီမငယ်ကလည်း တလေးတစားဖြင့် အမကိုပေးမည့် လက်ဆောင်ပစ္စည်းကို ပွေ့ပိုက်ထားသည်။ ဆိုင်ရှင် အဖိုးကြီးသည် ကျောခိုင်းသွားသည့် ညီအမနှစ်ယောက် ကိုကြည့်ကာ လေးလေးနက်နက်ပြုံးရင်း ခေါင်းညိတ်ကျန်ရစ်ခဲ့သည်။    
သိမှတ်ဖူးသည့် အဖြစ်အပျက်လေးကို တန်ဆာဆင်၍ ပြန်လည်မျှဝေခြင်းမျှသာ ဖြစ်ပါသည်။
                                          သူ (သရက်)
                                                 28 March 2012

စတုတ္ထမြောက် စာပေမှတ်တိုင်

စတုတ္ထမြောက် စာပေမှတ်တိုင်
စာရေးသူ၏ စတုတ္ထမြောက် စာပေမှတ်တိုင်အဖြစ် {၀န်နှင့်ဂုဏ်}စာအုပ်ကို စာမူခွင့်ပြုချက် အမှတ်-၆၀၀၀ ၄၅၀ ၁၁၂ ဖြင့် (Smile) ဖုန်း ၀၉ ၇၃၀၃ ၉၆ ၅၆ [ရန်ကုန်]မှ ဖြန့်ချိလိုက်ပြီဖြစ်သည်။
“နိဒါန်းကောက်နှုတ်ချက်”
စကားရွေ့လှန်၊ မှားမေ့ကျန်၍
မမှန်ယိမ်းကျော်၊ တိမ်းပါးသော်လည်း
သူတော်တကာ၊ သည်းခံပါဟု
သံသာပျောင်းပျ၊ တောင်းပန်ခ၏
မာနမောက်မို၊ ငါစာဆိုဟု
မလိုမလား၊ ပိုမလွှားတည့်။               ။(အဘိရူပကပျို့)
          နိုင်ငံရပ်ခြားတွင် စာပေသင်ယူ လေ့လာနေစဉ် စာပေရေးသားခြင်းဖြင့် ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းကြသည့် မိဘ၊ ဆရာသမား၊ ရဟန်းဒါယကာ / ဒါယိကာမ၊ မိတ်ဆွေ သူငယ်ချင်း၊ ပြည်တွင်း-ပြည်ပမှ ဒါယကာ/ဒါယကာမ အပေါင်း တို့အား ကျေးဇူးဆပ်ပါ၏။ ပြုပြုသမျှ ကုသိုလ် အဖို့ဘာဂကို ရကြပါစေ သတည်း။ ၀မ်းမြောက်နုမော် သာဓုခေါ်နိုင်ကြစေသတည်း .... ။
မေတ္တာဖြင့်-
                အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
        နာယကဆရာတော်၊ ရှစ်မျက်နှာ ပရိယတ္တိစာသင်တိုက်
                              သရက်မြို့။  

ငါ့ဘ၀ ငါ့ပန်းချီ

ငါ့ .. ဘ၀ ….. ငါ့ .. ပန်းချီ
ဟောင်းနွမ်းသွားတဲ့ နေ့ရက်တွေကို
ဆေးပြန်သုတ်ဖို့ ကြိုးစားရင်း
ေ၀၀ါးဝါးတိမ်ပန်းချီကိုခံစားနေမိ ….။
လမ်းသလားကာ
ဘ၀ကိုတရွတ်တိုက်စွဲခေါ်
လေနှင်ရာလွင့်ရတဲ့ ရွက်ဝါအပေါ်
မကျေမနပ်လည်း မဖြစ်မိ …..။
အလွမ်းတွေကို မဖန်တီးဘူးပေမယ့်
လွမ်းစရာမရှိတာကို
နက်နက်ရှိုင်းရှိုင်း လွမ်းနေမိ … ။
ဘ၀ဇာတ်စင်မှာ
လွမ်းတေးမစီ
ချစ်တေးမသီဘူး
အလှလည်းမပီဘူး
ပြုံးမဲ့
ချစ်နဲ့
သောကမှော်ရုံတောထဲ
ဘ၀စာမျက်နှာသစ်တွေကို
လှန်လှောနေမိ………..။
သူ (သရက်)
3 March 2012

လွန်

“လွန်”
အမှောင်ကိုပဲသွား,သွား

အလင်းဘက်ထဲဦးတည်,တည်

နိယာမအမှန်နဲ့

ရှေ့ကိုလှည့်နေတဲ့

ခြေတစ်စုံဟာ
နောက်ကိုပြန်ငဲ့တတ်တဲ့
ငါ့စိတ်တွေကို
နောက်ကောက်ချန်ခဲ့ပြီ……………..။
                                                       သူ (သရက်)
                                                       Tuesday, February 21, 2012

အဆင့်တက်လာသော သီရိလင်္ကာတက္ကသိုလ်များ

“တောင်အာရှဒေသ၊ ထိပ်တန်းတက္ကသိုလ် (၁၀၀)အတွင်းသို့
ရောက်ရှိလာသည့် သီရိလင်္ကာတက္ကသိုလ်များ“

            * တောင်အာရှနိုင်ငံများမှ ထိပ်တန်းတက္ကသိုလ် (၁၀၀)တွင် ကိုလမ်ဘို တက္ကသိုလ်မှာ အဆင့် (၈)နှင့်  ပေရာဒေနိယတက္ကသိုလ်မှာ အဆင့် (၂၃) သို့ အသီးသီးရောက်ရှိလာသည်။ 
                                                               အဆင့်မြင့်ပညာရေးတိုးတက်စေရန်အတွက် ပြည်တွင်းတက္ကသိုလ်(၆)ခုကို တောင်အာရှဒေသတွင်းရှိ ထိပ် တန်းတက္ကသိုလ် (၁၀၀) အတွင်းရောက်အောင် အစိုးရမှ ကြိုးစားခဲ့သည်။
       နိုင်ငံတကာ တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်နှင့်အညီ သီရိလင်္ကာမှ (၁) Colombo, (၂) Peradeniya, (၃) Sri Jayawardena pura, (၄) Jaffna, (၅) Rajarata and (၆) the Open University စသော တက္ကသိုလ်(၆)ခုကို အဆင့်မြင့် ပေးနိုင်ခဲ့ကြောင်း အဆင့်မြင့် ပညာရေးဝန်ကြီးဋ္ဌာနမှ အတွင်းရေးမှုး Dr. Sunil Jayantha Nawaratne-မှ ပြောကြားခဲ့သည်။

        ၂၀၁၂-ခု၊ တောင်အာရှဒေသတွင်း ထိပ်တန်းတက္ကသိုလ် (၁၀၀) တွင် နိုင်ငံတကာ တက္ကသိုလ်များ အဆင့် တိုးမြင့်သတ်မှတ်ပေးချက်အရ ကိုလမ်ဘိုတက္ကသိုလ်မှာ ဒေသတွင်း ထိပ်တန်းတက္ကသိုလ်(၁၀)ခုထဲ ပါဝင်ခဲ့ပြီး အဆင့် (၈)သို့ရောက်လာသည်။၊ ပေရာဒေနိယ တက္ကသိုလ်မှာ အဆင့် (၂၃)၊ မောရထုဝ (Moratuwa University)မှ အဆင့်(၅၀)၊ သီရိဇယ၀ါဒေန ပူရတက္ကသိုလ်မှာ အဆင့် (၆၁) နှင့် ကေလနိယတက္ကသိုလ်မှာ အဆင့် (၉၈) သို့ အသီးသီးရောက် လာကြသည်။ သို့ရာတွင် The Jaffna, Rajarata နှင့် Open University-တက္ကသိုလ် (၃)ခုတို့မှာ ဒေသတွင်း ထိပ်တန်းတက္ကသိုလ် (၁၀၀) အတွင်း မရောက်ရှိသေးပေ။ .
         လာမည့်နှစ်တွင် နိုင်ငံတွင်းရှိတက္ကသိုလ်များကို နိုင်ငံတကာ တက္ကသိုလ်များအဆင့်ရောက်အောင် အဆင့်မြင့်ပညာရေးဝန်ကြီးဋ္ဌာနမှ ရည်မှန်းထားကြောင်း၊ သမ္မတမှ ယင်းစီမံကိန်းအတွက် ရူပီး သန်း(၆၀၀) သတ်မှတ်ပေးထားပြီးဖြစ်ကြောင်း Dr. Nawaratne က ပြောဆိုခဲ့သည်။
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်) ပြန်ဆိုသည်။
ရည်ညွှန်းကိုးကား; DAILY NEWS; Friday, 10 February 2012

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝ

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝ
(ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ ရှုမြင်သုံးသပ်ချက်)
နိဒါန်း
  ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ရှုထောင့်မှကြည့်လျှင် အိမ်ထောင်ရေး ဟူသည် မြင့်မြတ်သောအရာ မဟုတ်သကဲ့သို့ နိမ့်ကျသည့်အရာလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို ဘာသာရေးနှင့် သက်ဆိုင်သည့် တာဝန်တစ်ရပ်အနေဖြင့် သဘောမထား သလို ကောင်းကင်ဘုံတွင် နဖူးစာရေးသည့် ဓမ္မမင်္ဂလာဟုလည်း မယူဆပေ။ လူအချို့က အိမ်ထောင်ရေးကို ကောင်းကင်ဘုံ၌ ပန္နက်ချပေးသည်ဟု ယုံကြည်ပြီး၊ အချို့ကမူ ငရဲပြည်တွင် မှတ်တမ်းတင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း အဆိုးမြင်ဝါဒီတစ်ဦးက ပြောခဲ့ဖူးသည်။ ပင်ကိုအားဖြင့် အိမ်ထောင်ရေးဆိုသည်မှာ ပုဂ္ဂိုလ်ရေးနှင့် လူမှုရေး ၀တ္တရားတစ်ခုဖြစ်သည်။ မဖြစ်မနေ လုပ်ရမည့်အရာ မဟုတ်ပေ။ အမျိုးသားရော အမျိုးသမီးပါ အိမ်ထောင်ပြုခွင့် သို့မဟုတ် တစ်ကိုယ်ရေတစ်ကာယနေခွင့်ကို စိတ်ကြိုက်လုပ်ဆောင်ခွင့်ရှိရမည်။ ဤသို့ဆိုခြင်းဖြင့် ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို ကန့်ကွက်သည်ဟု မဆိုလိုပါ။ ဤလောကတွင်ရှိသော လူများအားလုံးက အိမ်ထောင်ရေးသည် မကောင်းပါဟု မည်သူမျှပြောမည်မဟုတ်။ အိမ်ထောင်ရေးကို ဆန့်ကျင်သော ဘာသာရေးလည်းမရှိပေ။
          လက်တွေ့မှာမူ သက်ရှိအရာဝတ္ထုမှန်သမျှသည်  ကာမဂုဏ်ခံစားမှု၏ အကျိုးဆက်တစ်ခုအနေဖြင့် စတင်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ လူသားတို့အကြားတွင် အိမ်ထောင်ပြုခြင်း အလေ့အထမှာ လူ့ဘောင် အဖွဲ့စည်းသည် လူသားမျိုးစိတ် ဆက်လက်တည်တံ့စေရန် တာဝန်ယူဖို့ ဖြစ်ပေါ်လာပြီး လူငယ်လူရွယ်များ အခြားတစ်ဦးအား ဂရုတစိုက်ရှိခြင်းကို အာမခံချက်ပေးရန်ဖြစ်သည်။ ဤအချက်က ကာမစပ်ယှဉ်ခြင်းကြောင့် မွေးဖွားလာသော ကလေးများကို အိမ်ထောင်ရေးတွင် ပါဝင်ပတ်သက်သူများ၌ တာဝန်ရှိသည်၊ အနည်းဆုံး ကလေးများ အရွယ်ရောက်သည်အထိ ဖြစ်သည် ဟူသော ငြင်းခုံမှုအပေါ်တွင် အခြေခံသည်။ ထို့ပြင် အိမ်ထောင်ပြုခြင်းသည် ထိုတာဝန်ကို ထိန်းသိမ်းဖို့နှင့် တာဝန်ယူဖို့ဖြစ်သည်။
 လူ့အဖွဲ့စည်းသည် အပြန်အလှန် ဆက်ဆံမှုနှင့် တစ်ဦးအပေါ်တစ်ဦး မှီခိုမှုဖြစ်သော ပေါင်းသင်းဆက်သွယ်မှု ကွန်ယက်မှ တိုးတက်ပြောင်းလဲ လာခြင်းဖြစ် သည်။ ပေါင်းသင်းဆက်ဆံမှု အားလုံးသည် ၀ိုင်းဝန်းကူညီရန် စိတ်ရောကိုယ်ပါနှစ်မြုပ်ထားခြင်းနှင့် အဖွဲ့စည်းတစ်ခု သို့တည်းမဟုတ် လူ့အသိုင်းတစ်ခုတွင် ရှိနေသူများကို ကာကွယ်ပေးရန်ဖြစ်သည်။ အိမ်ထောင်ရေးသည် ဤအားကောင်းသည့် အထောက်ပံ့ပေးခြင်း၊ အကာကွယ်ပေးခြင်းဖြစ်သော ကူးလူးဆက်ဆံမှု လူမှုကွန်ယက်၏ အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ သာယာသော အိမ်ထောင်ရေးသည် နားလည်ခြင်းမှတစ်ဆင့် တဖြေးဖြေးနှင့် ရှင်သန်၊ ဖွံ့ဖြိုးသင့်သည်။ စိတ်လိုက်မာန်ပါ မဖြစ်သင့်။ စစ်မှန်သော သစ္စာစောင့်သိမှုဖြစ်သင့်ပြီး အလိုလိုက်ရုံသက်သက်မျှသာ မဖြစ်သင့်။ အိမ်ထောင်ရေး ထုံးတမ်းဓလေ့သည် ယဉ်ကျေးမှု ထွန်းကားရေး၊ နှစ်ဦးနှစ်ဖက်၏ နှစ်လိုဖွယ်ကောင်းသော ပေါင်းသင်းဆက်ဆံရေးကို ပြုစုပျိုးထောင်ရေးနှင့်၊ အထီးကျန်ခြင်း၊ ဆင်းရဲခြင်းနှင့် ပူပင်သောကဖြစ်ခြင်းတို့မှ ကင်းလွတ်စေရန်  အခြေခံကောင်းကို ပံ့ပိုးပေးသည်။ အိမ်ထောင်ရေး၌ အိမ်ထောင်ဖက်တစ်ဦးချင်းစီက လိုက်လျောညီထွေသည့် အခန်းကဏ္ဍကို ဖြစ်စေသည်။ တစ်ဦးအပေါ်တစ်ဦးက ခွန်အားနှင့် ကိုယ်ကျင့်တရား ခိုင်မာမှုကိုပေးသည်။ အချင်းချင်း ဖေးဖေးမမ အကူအညီပေးကာ မိသားစုအတွက် ကြောင့်ကြစိုက်မှုနှင့် ကြည့်ရှုစောင့်ရှောက်မှု အပေါ်တွင် မိမိအိမ်ထောင်ဖက်၏ ကျွမ်းကျင်သည့်ပညာရပ်ကို တန်ဖိုးထားအသိမှတ်ပြုပေး သည်။ ယောက်ျား သိုမဟုတ် မိန်းမက ပို၍အခရာကျသည်ဟူသော အတွေးမျိုးမရှိရပေ။ တစ်ဦး၏ လိုအပ်ချက်ကို အခြားတစ်ဦးက ဖြည့်ဆည်းပေးရမည်။ အိမ်ထောင်ရေးဟူသည် သမမျှတပြီး သာယာပျော့ပြောင်းသော ရက်ရောသော တည်ငြိမ်သော အလေးနက်ထားအပ်သည့် စီးပွားဖက်ဖြစ်သည်။
          ဗုဒ္ဓဘာသာတွင် သာယာချမ်းမြေ့သော အိမ်ထောင်သည်ဘ၀ကို အထောက်အကူဖြစ်စေနိုင်သည့် လိုအပ်သော အကြံဥာဏ်များအားလုံးကို တွေ့နိုင်ပါသည်။ အိမ်ထောင်ရေးသုခကို အမှန်တကယ် အလိုရှိသူသည် မြတ်ဗုဒ္ဓနည်းပေးညွှန်ပြသော အကြံဥာဏ်များကို မျက်ကွယ်မပြုသင့်ပါ။ တရားတော်များ တွင် မြတ်ဗုဒ္ဓသည် လက်ထပ်ပြီး ဇနီးမောင်နှံများနှင့် အိမ်ထောင်ရေးကို အလေးအနက်ထားသူတို့အတွက် အကြံပေးချက် အမျိုးမျိုးကို ဟောကြားတော်မူသည်။ “သင့်မြတ်ပြီး နားလည်မှုရှိသော ဇနီးမယားကို ရှာတွေ့နိုင်လျှင်၊ သင့်မြတ်ပြီး နားလည်မှုပေးနိုင်သော လင်ယောက်ျးကိုရှာတွေ့နိုင်လျှင် ထိုအမျိုးသား အမျိုးသမီးတို့သည် အမှန်တကယ်ကံကောင်းသူများ ဖြစ်ကြသည်”ဟု မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ သည်။
                                                         အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                             Thursday, February 02, 2012
မှတ်ချက်။     ။ DR. K. SRI DHAMMANANDAA HAPPY MARRIED LIFE တွင်ပါသော INTRODUCTION ကို ဆီလျော်အောင် ပြန်ဆိုသည်။ ချွတ်ယွင်းချက်ရှိသော် ဘာသာပြန်ဆိုသူ၏ အားနည်းချက်သာဖြစ်သည်။

“ဒို့ရွာသားတွေသွားတာ တစ်ယောက်မှ ပြန်မလာဘူး”

ဒို့ရွာသားတွေသွားတာ တစ်ယောက်မှပြန်မလာဘူး..!
မိုး (အထက်မင်းလှ)
စံမှီရွာတွင် ဘကြီးဖြိုးဆိုသူရှိ၏။ လူစိမ်း၊ လူကျက် မရွေး နောက်ပြောင်တတ်သူဟု နာမည်ကြီး၏။ တစ်နေ့တွင်…၊ ပခုက္ကူနယ်ဘက်မှ ရွာစဉ်လျှောက် ကုန်ထမ်းရောင်းသူတစ်စု စံမှီရွာကိုရောက်လာ၏။ ၄င်းတို့ကို “ထမ်းသည်”ဟု ခေါ်ကြ၏။
စံမှီရွာတွင် ရောင်းချပြီး၊ နောက်တစ်နေ့နံနက်တွင် အနီးနားရွာတစ်ရွာကို ဆက်လက်ရောင်းချရန် ထွက်လာခဲ့၏။ လူစိမ်းများဖြစ်သည့်အလျောက် ရွာကူးလမ်းများကို မသိကြ။ လမ်းမေးရန်အတွက် လမ်းတစ်လျှောက်ရှိ ယာခင်းများကို စူစမ်းကြည့်ကာ လျှောက်လာကြ၏။
          ယာခင်းတစ်ခုအရောက်တွင် ဘကြီးဖြိုးနှင့်တွေ့ရာ ……

ထမ်းသည်။   ။ ဦးလေး…! ဟိုဘက်ရွာကို ဘယ်လိုသွားရမလဲ။
အကြီးဖြိုး။    ။ အဲဒီဘက်လမ်းပဲ-ဟု လူသွားလူလာအင်မတန်နည်းလှသည့် ခြေလမ်းကို ညွှန်လိုက်၏။ ကွမ်းတစ်ရာညစ်ခန့်ကြာသော်  အဆိုပါထမ်းသည်တစ်စုသည် ရှေ့ဆက်သွားရန် လမ်းရှာမတွေ့ သဖြင့် ပြန်လာကြ၏။ အခင်းထဲမှာပင်ရှိနေသေးသော ဘကြီးဖြိုးကို ပြန်တွေ့ရာ……
ထမ်းသည်။   ။ ဦးလေး….! ဟိုဘက်ရွာသွားတဲ့ လမ်းလည်းမတွေ့ပါလား။
ဘကြီးဖြိုး။    ။အံ့ရော်……အံ့ရော်……။ မင်းတို့ အတော်ထူးဆန်းတာပဲ။ တို့ရွာကလူတွေ အဲဒီလမ်းကနေသွားတာ တစ်ယောက်မှပြန်မလာကြဘူး။ မင်းတို့မို့ ပြန်လာတယ်။
ထမ်းသည်များ။               ။ ဗျာ……….! ဘာဖြစ်လို့ ပြန်မလာကြတာလဲ။
ဘကြီးဖြိုး။    ။ ဘာဖြစ်ရမှာလဲ။ အဲဒါသင်္ချိုင်းကုန်း(သုသာန်)ကို သွားတဲ့လမ်းပဲလေကွာ-ဟူသတည်း။