သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

ကေလနိယသွား တောလား
 

အပိုင်း (၅)
ဝေဟင်ခရီး လေယာဉ်စီးပြီ
          နံနက် ၁၀း၄၅-တွင် TG-0307-လေယာဉ်ဖြင့် ရန်ကုန်အပြည်ဆိုဆိုင်လေဆိပ်မှ ထိုင်းနိုင်ငံသို့ စ,တင်ထွက်ခွာခဲ့သည်။ ဝေဟင်ခရီးစတင်လိုက်သည်နှင့် မိမိ၏အတွေးများမှာလည်း မကြာသေးမှီက ပဉ္စလက်ဆန်ဆန်ဖြစ်ပျက် ကြုံတွေ့ခဲ့ရသည်များကို ရုပ်ရှင်ပိတ်ကားကြည့်ရသလို တရေးရေးနှင့်ပေါ်လာ သည်။ ဘာအလိုရှိပါသလဲဟုသော မေးခွန်းကိုမေးလာသည့် လေယာဉ်မယ်ကို ယောင်တောင်တောင်လှည့်ကြည့်ရင်း မိမိ၏အတွေးအိမ်ကို ရုတ်တရက် ရုပ်သိမ်းလိုက်ရသည်။ လျှာမတွေ့လှသော ထိုင်းရိုးရာနေ့လည်စာဖြင့် မနက်စာမစားခဲ့သော ဆန္ဒပြနေသည့်ဗိုက်ကို အတင်းနှစ်သိမ့်လိုက်ရသည်။ သူက သိပ်တော့ ကျေနပ်ပုံမပေါ်။ တတ်နိုင်ဘူးလေ။ ခရီးသွားနေတာပဲ။
          နေ့လည် ၁၁-နာရီတွင် ထိုင်းနိုင်ငံ သုဝဏ္ဏဘုမ္မိ နိုင်ငံတကာလေဆိပ်ကိုဆိုက်ရောက်ခဲ့သည်။ လွန်စွာမှ ကြီးကျယ်ခန်းနားလှသော လေဆိပ်အသွင်ပြင်နှင့် ခေတ်မှီနည်းစနစ်များကို အချိုးကျကျ တပ်ဆင်ထားသော သုဝဏ္ဏဘုမ္မိလေဆိပ်ကိုတွေ့လိုက်ရတော့ ရန်ကုန်လေဆိပ်ဆိုသည်မှာ ဆင်နှင့်ဆိတ်နိုင်းယှဉ်လိုက်ရသလိုပင်။ ရန်ကုန်ကထွက်လာတော့ ဆရာတော်ကြီးတစ်ပါးပါလာရာ သူ့အတွက် အထူးစီစဉ်ထားသောအခန်းကို လိုက်နေရသည်။ နေ့လည်ပိုင်းတွင် ဆရာတော်ကြီးနှင့် နောက်ပါတပည့်များက အိန္ဒိယကိုထွက်ခွာသွားသည်။ ည ၁၀း၃၀ နာရီမှ မိမိတို့စီးရမည့် သီရိလင်္ကာလေယာဉ်ကို ဆရာတော်ကြီး၏ကျေးဇူးကြောင့် အခန်းထဲမှာပင် အိနြေ္ဒရရစောင့်လိုက်ရသည်။ ယောင်ယောင်တောင်တောင်ဖြစ်စရာမလိုတော့ပေ။ သို့နှင့် သူငယ်ချင်းနှစ်ပါး အခန်းတွင်အလှည့်ကျ ပစ္စည်းစောင့်ရင်း အိပ်စက်အနားယူကာ ကြီးမားလှသောလဆိပ်ကြီးအနှံ့ လျှောက်လည်ကြသည်။
          ဟိုဟိုဒီဒီလျှောက်လည်ကာ ငြီးငွေ့ဖွယ်ကောင်းလောက်သည့် တစ်နေ့တာစောင့်ဆိုင်း ရမည့်အချိန်ကို လေဆိပ်တွင်းမှာပင် ကုန်ဆုံးလိုက်ရသည်။ ည ၁၀း၃၀ တွင် TG-လေယာဉ်ဖြင့်ပင် ထိုင်းနိုင်ငံမှတဆင့် သီဟိုဠ်ခေါ် သီရိလင်္ကာနိုင်ငံကို ဆက်လက်ထွက်ခွာခဲ့သည်။ တစ်နေကုန်လျှောက်လည်ထားသည့် အတွက် လေယာဉ်ပေါ်ရောက်ပြီး မကြာမှီမှာပင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။
          ဒေသစံတော်ချိန် နံက် ၁း၀၀ ခန့်တွင် သီရိလင်္ကာလေဆိပ်ကို ဆိုက်ရောက်ခဲ့သည်။ လူဝင်မှုကြီးကြပ်ရေးကို စတင်ဝင်ရောက်စဉ်မှာပင် ထေရ၀ါဒဗုဒ္ဓဘာသာဖြစ်သော သီရိလင်္ကာနိုင်ငံသည် ရဟန်းတော်များကို ဦးစားပေးသည်ဆိုတာကို စ,တင်သိမြင်ခွင့်ရခဲ့သည်။ သူများတွေလို အစဉ်လိုက် ၀င်ရောက်တန်းစီစရာမလို။ ပြည်ဝင်ခွင့်နှင့်ဗီဇာစသည်တို့ကို ချက်ချင်းခေါ်ယူကြည့်ရှုကာ အထွေအထူးမေးမြန်းမှုမရှိပဲ လက်ခံမှုပြုလိုက်သည်။ ထိုနောက် မိမိအထုပ်ပိုးများကိုရွေးယူကာ လေဆိပ်အပြင်ဖက်သို့ ထွက်လာခဲ့သည်။ အသင့်လာကြိုနေသော သူငယ်ချင်းဖြစ်သူနှင့် အပေါင်းအသင်းများကိုတွေ့လိုက်ရ၍ စိုးရိမ်စိတ်များလွင့်ပါးသွားခဲ့ရသည်။
          ကားပေါ်ရောက်သောအခါအတွင်တော့ အဆိုတော်ခင်မောင်တိုး၏ ဆွတ်ပျံ့လွမ်းမောဖွယ် တေးသွားကိုနားဆင်ကာ မိမိတို့တည်းခိုရမည့် နေရာကိုချီတက်ခဲ့ကြသည်။ တစ်နာရီကျော်ခန့်အကြာတွင် နားခိုရမည့်နေရာကိုရောက်ခဲ့ပါတော့သည်။ ထိုနေရာကား မကုဋာရာမ မြန်မာကျောင်းတော်ကြီးပင်ဖြစ်ပါတော့သည်။
                                                                                    (ဆက်ပါဦးမည်)
                                                                                    အရှင်ဥတ္တမာနန္ဒ
                                                                                (ကေလနိယတက္ကသိုလ်)
*****

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment