သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

ကေလနိယတက္ကသိုလ် လမ်းညွှန်
          သီရိလင်္ကာနိုင်ငံ၊ ကိုလမ်ဘိုမြို့တွင်ရှိသော ကေလ နိယတက္ကသိုလ်သည် မြန်မာရဟန်းတော်များ အစဦးဆုံး တက်ရောက်ခဲ့၊ ခြေချခဲ့သည့်တက္ကသိုလ်ဖြစ်သည်။ လက်ရှိ အချိန်တွင်လည်း သီရိလင်္ကာရှိ အခြားခြားသော တက္က သိုလ်များထက် မြန်မာရဟန်းတော်များသည် ကေလနိယ တက္ကသိုလ်တွင်သာ အများဆုံးတက်ရောက်ကြပြီး၊ ယခု နောက်ပိုင်း နှစ်စဉ်တက်ရောက်နေသည့် မြန်မာရဟန်း တော် ဦးရေမှာ ၈၀-မှ ၁၀၀-ကြားတွင်ရှိသည်။
          ကေလနိယ တက္ကသိုလ်ကို ၁၈၉၅-ခုနှစ်တွင် ရဟန်း၊ သာမဏေ များကိုသာ သီးသန့်သင်ကြားပေးသည့် ၀ိဇ္ဇာလင်္ကာရစာသင်တိုက် (Vidyalan- kara Privena)မှ စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၅၉-ခုနှစ်တွင် ၀ိဇ္ဇာလင်္ကာရတက္ကသိုလ် (Vidyalank- ara University)အဖြစ် စတင်ပြောင်း လဲခဲ့သည်။ ၁၉၇၂-ခုနှစ်တွင် စီလွန်တက္ကသိုလ် (University of Ceylon)၏ ၀ိဇ္ဇာလင်္ကာရတက္ကသိုလ်ခွဲ (Vidyalankara Campus)အဖြစ် ရပ် တည်ခဲ့ပြီး၊ ၁၉၇၈-ခုနှစ်မှ စတင်ကာ ကေလနိယတက္ကသိုလ်အဖြစ် ကိုယ်ပိုင် ရပ်တည်ခဲ့သည်။
          ယနေ့အချိန်တွင် ကေလနိယတက္ကသိုလ်သည် ရဟန်းတော်တို့အတွက် ဗုဒ္ဓစာပေများ သာမက ကျောင်းသူ/သားတို့အတွက် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များဖြစ်သော ဆေး၊ သိပ္ပံ၊ နည်းပညာ စသည့် ဘာသာရပ်ပေါင်းစုံကို သင်ကြားပေးနေသည့် တက္ကသိုလ်ကြီး တစ်ခုဖြစ်သည်။ မဟာဌာနကြီး (Faculty) ၆-ခုနှင့်၊ ယင်းဌာနကြီးများ အသီးသီးအောက်တွင် သမိုင်း၊ ဒဿန၊ စီးပွားစီမံ၊ လူမှုရေး၊ ဗိသုကာ စသော ဌာန(Department)ပေါင်းစွာရှိသည်။
          ထို့ပြင် ကေလနိယတက္ကသိုလ်၏ ပင်မှပနယ်မြေမှ သီခြားခွဲထုတ် ဖွင့်လှစ်ပေးထားသော လက် အောက်ခံ ဘွဲ့လွန်တက္ကသိုလ် (Post Graduate Institutes) သုံးခုရှိသည်။ ၄င်းတို့မှာ-
၁။ Gampaha Wickramarachchi Ayurveda Institute
၂။ Post Graduate Institute of Archaeology နှင့်
၃။ Post Graduate Institute of Pali and Buddhist Studies တို့ဖြစ်ကြသည်။
          ယင်းတို့အထဲမှ (PGIPBS)-ဟု အတိုကောက်ခေါ်သော ပါဠိနှင့် ဗုဒ္ဓစာပေလေ့လာမှုဆိုင်ရာ ဘွဲ့လွန် တက္ကသိုလ(Post Graduate Institute of Pali and Buddhist Studies)တွင်သာ မြန်မာရဟန်းတော်များ အများဆုံး တက်ရောက်နေကြသည်။ ပင်မတက္ကသိုလ်ကြီးတွင် ဗုဒ္ဓစာပေဆိုင်ရာ သင်ကြားမှုနှင့်ပတ်သက်၍ ဘီအေတန်း အထိသာရှိပြီး ဘွဲ့လွန်ကျောင်းသားများနှင့် သုတေသနကျောင်းသားများအားလုံး ဤ ဘွဲ့လွန် တက္ကသိုလ်တွင်သာ ဆက်လက်လေ့လာ သင်ယူရသည်။ ပင်မတက္ကသိုလ်ကြီးတွင် ဘီအေတန်းမှ စတင် တက်ရောက်သည့် မြန်မာရဟန်းတော် အချို့လည်းရှိသည်။
          ဤဘွဲ့လွန်တက္ကသိုလ် (PGIPBS)တွင် သင်ကြားပို့ချပေးသည့်အတန်း လေးတန်းနှင့် ယင်းတို့ အောက်တွင် အခြားတန်းခွဲများလည်း အသီးသီးရှိသည်။ ၄င်းတို့မှာ-
၁။ Post Graduate Diploma Courses (၁-နှစ်သင်တန်းများ)
          (၁) Post Graduate Diploma in Buddhist Studies
          (၂) Post Graduate Diploma in Pali
          (၃) Post Graduate Diploma in Buddhist Ayurvedic Counseling 
၂။ Master Degree Programs (၁-နှစ်)
          (၁) Master of Arts (M.A) Degree in Buddhist Studies
(၂) Master of Arts (M.A) Degree in Pali
(၃) Master of Arts (M.A) Degree in Buddhist Ayurvedic Counseling
၃။ Master of Philosophy in Buddhist Studies (M.Phil) (၂-နှစ်)
၎။ Doctor of Philosophy in Buddhist Studies (Ph.D) (၃-နှစ်) တို့ဖြစ်ကြသည်။
          အထက်ပါအတန်းတို့တွင် မြန်မာရဟန်းတော်များသည် (Buddhist Studies) တခုတည်းကိုသာ တက်ရောက်နေကြသည်။ ထိုအထဲတွင်လည်း Master of Arts (M.A) Degree in Buddhist Studies-တွင် အများဆုံးဖြစ်သည်။ မြန်မာပြည်မှ လောကီဘွဲ့ရသူများမှာ မြန်မာစာအဓိကဖြင့် ဘွဲ့ရသူမှတစ်ပါး အခြားသူများ အားလုံးသည် အမ်အေတန်းကို တိုက်ရိုက်တက်ခွင့်မရဘဲ အမ်အေဒီပလိုမာတန်း (Post Graduate Diploma in Buddhist Studies)ကို တစ်နှစ်တက်ရောက်ရသည်။ အောင်မြင်ပြီးမှ အမ်အေန်းကို တက်ခွင့်ရသည်။
          အမ်အေဒီပလိုမာတန်း နောက်ဆုံးစာမေးပွဲမဖြေဆိုမီ စာလုံးရေ အနည်းဆုံး သုံးထောင်ခန့်ရှိသည့် စာတမ်း(Dissertation)ကို တင်သွင်းရသည်။ အမ်အေတမ်းအတွက်မူ အနည်းဆုံးစာလုံးရေ ငါးထောင်ခန့် ရှိသည့်စာတမ်းကို တင်သွင်းရသည်။
          နှစ်စဉ် ဇန္န၀ါရီလတွင် ကျောင်းအပ်ခြင်းများကို စတင်လက်ခံပြီး၊ စာသင်ကာလမှာ ဖေဖော်ဝါရီလမှ ဒီဇင်ဘာလအထိဖြစ်သည်။ စာသင်ချိန်ကာလကို အပိုင်း (1st, 2nd, 3rd -Semester) ၃-ခု ခွဲထားသည်။ Semester-တစ်ခုလျှင် နှစ်လခွဲခန့်ကြာမြင့်ပြီး ယင်းကြားကာလတွင် တစ်လခန့်စီ ကျောင်းပိတ်ပေး သည်။ ကျောင်းတက်ရက်မှာ တစ်ပတ်လျှင် ၃-ရက် သို့မဟုတ် ၄-ရက်ဖြစ်သည်။
           1st Semester ကျောင်းတက်ကာလတွင် တက္ကသိုလ်မှ သင်ကြားပေးသည့် ဘာသာရပ်များအားလုံး တက်ရောက်ရသည်။ တက္ကသိုလ်၏ ထူးခြားချက်တစ်ခုမှာ သင်ကြားပေးသည့် ဘာသာရပ်များကို မယူမနေရ ဘာသာရပ် (Compulsory Subject)နှင့် စိတ်ကြိုက်ရွေးချယ်နိုင်သည့် ဘာသာရပ် (Optional Subject)ဟု ခွဲခြားထားခြင်းဖြစ်သည်။ ယင်းတို့အထဲတွင် စိတ်ကြိုက်ရွေးချယ်နိုင်သည့် ဘာသာရပ်များထဲမှ မိမိတို့ ရွေးချယ်ထားသည့် ဘာသာရပ်များကို ဤကျောင်းတက်ကာလ၏ နောက်ဆုံးအပတ်တွင် တက္ကသိုလ် မော်ကွန်းထိန်းဌာနသို့ မိမိကျောင်းသားနံပါတ်၊ နေရပ်လိပ်စာတို့နှင့်အတူ လက်မှတ်ထိုး ကာ ဖောင်ဖြည့်ပြီး တင်သွင်းရသည်။
          2nd Semester ကျောင်းတက်ကာလတွင် မယူမနေရဘာသာရပ်များအပါအ၀င် မိမိတို့ စိတ်ကြိုက် ရွေးချယ်ထားသည့် ဘာသာရပ်များကိုသာ တက်ရောက်သင်ယူရတော့သည်။ မိမိရွေးချယ်ထားသည် မှတစ်ပါး အခြားဘာသာရပ်များကို ဗဟုသုတအဖြစ် တက်ရောက်လိုပါကလည်း တက်ရောက်နိုင်ပါသည်။ ဤစာသင်ကာလ၏ နောက်ဆုံးအပတ်တွင် မိမိတို့ရေးသားမည့် စာတမ်း၏ အဆိုပြုလွှာ(Proposal) ကို ကျောင်းသားနံပါတ်၊ လက်မှတ်၊ နေရပ်လိပ်စာတို့နှင့် အတူ မော်ကွန်းထိန်းဌာနသို့ တင်သွင်းရသည်။
3rd Semester ကျောင်းတက်ကာလတွင် မိမိတို့တင်သွင်းထားသည့် စာတမ်းအဆိုပြုလွှာများကို ပြန်လည်တောင်းယူရသည်။ သက်ဆိုင်ရာ တာဝန်ကျဆရာ(Supervisor) ၏ ထောက်ခံချက်(Recommend) လက်မှတ်ကိုရလျှင် စာတမ်းကို ဆက်လက်ရေးသားနိုင်ပြီး၊ ထောက်ခံချက် မရသူများသည် ဆရာနှင့် တွေ့ဆုံ ကာ ပြန်လည်ပြင်ဆင်ရသည်။ ထိုနောက်မှ စာတမ်းကို ဆက်လက်ရေးသားရသည်။ အဆိုပါစာတမ်းကို ဤ စာသင်ကာလ၏ နောက်ဆုံးအပတ် သို့မဟုတ် စာမေးပွဲမဖြေဆိုမီ တစ်ပတ်အလိုအတွင်း တင်သွင်းနိုင်သည်။ စာတမ်းများစီလျော်မှုမရှိလျှင် ပြန်လည်ပြင်ဆင်ရခြင်းများ လုပ်ရတတ်၍ စောစောတင်ထားနိုင်လျှင် စာမေးပွဲအတွက် အနှောက်အယှက် မဖြစ်နိုင်တော့ပေ။ သို့မဟုတ်ပါက စာမေးပွဲအတွက် ပြင်ဆင်နေချိန် တွင် ဆရာနှင့် သွားရောက်တွေ့ဆုံရခြင်း များ ပြင်ဆင်ရခြင်းများ စသည်တို့ကို လုပ်ဆောင်ရတတ်သည်။
ဤစာသင်ကာလ၏ နောက်ဆုံးအပတ်ထဲတွင်ပင် သန်းတန်းကြေးများအပါဝင် သွင်းစရာရှိသည့် အထွေထွေကြေးများအားလုံးကို အပြီးသတ်သွင်းရသည်။ ကျောင်းသားများသည် ကျောင်းအပ်စဉ်က သင်တန်းကြေးကို သုံးပုံတစ်ပုံသာ သွင်းထားကြသောကြောင့်ဖြစ်သည်။ ကြေးအပြည့်အစုံ မသွင်းသူများနှင့် စာတမ်းမတင်သွင်းနိုင်သူများ နောက်ဆုံးစာမေးပွဲကြီးကို ဖြေဆိုခွင့်ရမည်မဟုတ်ပေ။
ပါဠိနှင့် ဗုဒ္ဓစာပေလေ့လာမှုဆိုင်ရာ ဘွဲ့လွန်ဌာန၊ ကေလနိယတက္ကသိုလ် {Post Graduate Institute of Pali and Buddhist Studies (PGIPBS), University of Kelaniya}၊ အမ်အေတန်းတွင် တက်ရောက်လိုသည့် မြန်မာရဟန်းတော်များသည် အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ သာသနာပြု တက္ကသိုလ်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်-မန္တလေး)၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ဆရာကြီး ဦးမြင့်ဆွေ တည်ထောင်ဖွင့်လှစ်သည့် ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်-မန္တလေး)တို့၏ ဘီဘေဘွဲ့တို့ဖြင့် တိုက်ရိုက် တက်ခွင့်ရသည်။ အစိုးရ သာသနဓဇ ဓမ္မာစရိယဘွဲ့ ရထားသူများလည်း တိုက်ရိုက်တက်ခွင့်ရှိပါသည်။ သို့ရာတွင် အဆိုပါလက်မှတ်ကို Notary-ပြုလုပ်ခဲ့ဖို့လိုပါသည်။
မြန်မာပြည်မှ မည်သည့်ဘွဲဖြင့်ပင်လာစေကာမူ သီရိလင်္ကာရောက်လျှင် အမ်အေတန်းကနေသာ စတင်တက်ရောက်လေ့ရှိသည်။ M.Phil-နှင့် Ph.D-တန်းတို့ကို တိုက်ရိုက်တက်ရောက်သူများ မရှိပါ။ အိန္ဒိယတက္ကသိုလ်များနှင့် မတူသည့်ထုံးစံမှာ M.A-တန်းကိုပြီးသော်လည်း Ph.D‑ကို တိုက်ရိုက်လုပ်ခွင့်မရှိပါ။ M.Phil-ကို အရင်လုပ်ပြီး အရည်အချင်းပြည့်မှီလျှင် ၆-လမှ ၁-နှစ်အတွင်း Ph.D-ကို Upgrade‑လုပ်ရသည်။ ယင်း M.Phil-နှင့် Ph.D-တန်းတို့အတွက် ကျောင်းအပ်ချိန် သီးသန့်မရှိပါ။ တစ်နှစ်ပတ်လုံး ကျောင်းအပ်နိုင် ပါသည်။
အထွေထွေကြေးများမှာ မည်သည့်အတန်းအတွက်မဆို ကျောင်းအပ်ကြေး (Registration Fee) သီရိလင်္ကာရူပီး တစ်ထောင်၊ စာကြည့်တိုက်ကြေး သီရိလကာင်္ရူပီးတစ်ထောင် တို့ဖြစ်သည်။ ဤကြေးများကို နှစ်စဉ်သွင်းရသည်။
သင်တန်းကြေး (Academic Fee)များမှာ M.A Diploma-တန်းအတွက် အမေရိကန်ဒေါ်လာ ၅၅၀၊ M.A-တန်းအတွက် အမေရိကန်ဒေါ်လာ ၆၀၀၊ M.Phil-အတွက် အမေရိကန်ဒေါ်လာ ၈၀၀၊နှင့် Ph.D- အတွက် အမေရိကန်ဒေါ်လာ ၉၀၀၊ အသီးသီးဖြစ်သည်။ ဤကြေးများကိုလည်း နှစ်စဉ်သွင်းရသည်။ M.Phil- နှင့် Ph.D လုပ်နေသော ကျောင်းသားများသည် Academic Fees-များကို တစ်နှစ်တာအတွက် တစ်ခါတည်း မသွင်းနိုင် သုံးကြိမ်အထိအရစ်ကျ သွင်းနိုင်ပါသည်။ သို့ရာတွင် ပညာသင်နှစ် တစ်ခုပြီးဆုံးလျှင် တစ်နှစ်တာ ပေးသွင်းရမည့် ကြေးများ အားလုံးကို အပြီးသွင်းရမည်ဖြစ်သည်။
 M.A Diploma-တန်းနှင့် M.A-တန်းတို့ကို ကျရှုံးပြီး ပြန်ဖြေလိုသူများသည် အမေရိကန်ဒေါ်လာ ၅၀၊ ကျောင်းအပ်ကြေးနှင့် စာကြည့်တိုက်ကြေး သီရိလင်္ကာရူပီး တစ်ထောင်စီသာ ထပ်သွင်းရသည်။ ထိုပြင် စာတမ်းကိုလည်း ထပ်မံလုပ်စရာမလိုတော့ဘဲ စာမေးပွဲသီးသန့်သာ ဖြေရတော့သည်။ ကျောင်းမတက်ဘဲ အပြင်ဖြေအနေဖြင့် ဖြေဆိုနိုင်သည်။ သို့ရာတွင် မိမိကျရှုံးခဲ့သောနှစ်က ဘာသာရပ်များအတိုင်းသာ ဖြေဆိုရ သည်။ ထိုဘာသာရပ်များ ယခုပြန်ဖြေမည့်နှစ်တွင် မပါလာခဲ့သော် နှစ်သစ်သမားများကဲ့သို့ ပြန်ပြောင်းခွင့် မရှိပါ။  
သီရိလင်္ကာတွင် ကျောင်းတက်နေသော မြန်မာရဟန်းတော်များသည် နေရေးထိုင်ရေးအတွက် ကိုယ့် အစီစဉ်နှင့်ကိုယ် ပြုလုပ်ကြရသည်။ အချို့က အဆောင်ငှားနေကြ၍ အချို့က ဒေသခံဘုန်းကြီးကျောင်း များတွင် အဆင်သင့်သလို နေထိုင်ကြရသည်။ မကုဋာရာမ မြန်မာကျောင်းတိုက်တွင် အမြဲနေ စာသင်မြန်မာ သံဃာတော်များ ၆၀-ကျော်ရှိသည်။ ထိုအထဲမှ အချို့က အမိမြန်မာပြည်စသဖြင့် အပြီးတိုင်ပြန်လည်ကြွ၍ နေရာလပ်သည့်အခါ သီရိလင်္ကာကိုရောက်သည့် မိမိတို့အစဉ်အတိုင်း ကြီး၊ငယ်မရွေးနေထိုင်လိုက နေထိုင် နိုင်ပြီး၊ မနေလိုကလည်း နောက်အလှည့်ကျသူကို လွှဲနိုင်ပါသည်။
အဆောင်ငှါးနေသူတို့မှာ တစ်လလျှင် အဆောင်စရိတ်၊ အစားစရိတ်နှင့် အထွေထွေ အသုံးစရိတ် တို့အတွက် အမေရိကန်ဒေါ်လာ တစ်ရာ၊ တစ်ရာကျော်ခန့် ကုန်ကျပြီး၊ နေသည့်နေရာနှင့် တက္ကသိုလ်က တစ်နေရာစီဖြစ်နေလျှင် ထိုထက်မက ကုန်ကျပါသည်။
မည်သို့ဆိုစေ “၀န်နှင့်အား၊လေးနှင့်မြား”ကိုချိန်ဆပြီး နိုင်ငံခြားတွင်ပညာသင်ရင်း မိမိတို့လိုရာ ပန်းတိုင်ခရီးကို ရောက်အောင်သွားနိုင်ကြပါစေဟု ဆန္ဒပြုလိုက်ပါသည်။
မေတ္တာဖြင့်-
      အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
           Sunday, September 04, 2011
Ref;
4.    http://www.kln.ac.lk/institutes/pgipbs/index.html (ဦးစားပေးကြည့်သင့်သည့်လင့်ခ်)
5.    ကေလနိယတက္ကသိုလ် (ဥုတ်လေး)၊ လင်္ကာတမန်မဂ္ဂဇင်း၊ ၂၀၀၉။
6.    ကေလနိယတက္ကသိုလ်၊ အရှင်သောဘိတဓမ္မ (ဓမ္မစေတီဖောင်ဒေးရှင်း)။ လင်္ကာတမန်မဂ္ဂဇင်း၊ ၂၀၁၀။
7.    သူတို့လျှောက်သောလမ်း၊ အရှင်ဥတ္တမာနန္ဒ (ကေလနိယတက္ကသိုလ်)၊ ၂၀၁၀။

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment