သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ


သာသနာ ၂၆၀၀ 
အပိုင်း(၁)  
သာသနေ စိရ၀ါသေန၊ ဧ၀ံ နိဒ္ဒေါသကာ ဣတိ။
တုဝံ ပဋိစ္စ မညန္တု၊ သာသနေ သပ္ပယောဇနံ။ (စတုရာရက္ခဒီပနီ)
သာသနာတော်မြတ်ကြီးကို ကြာမြင့်စွာ မှီခိုနေကြသည့်အတွက်ကြောင့် ဤသူ(လူ၊ရှင်၊ရဟန်း)တို့သည် ငါတို့ထက် လောဘ၊ဒေါသ၊မောဟတရားတွေ နည်းကုန်ကြ၏ဟု သင်တို့ကိုအကြောင်းပြု၍ သာသနာတော်မြတ်ကြီးကို ကြည်ညိုသွားပါစေ။

သာသနေ စိရ ၀ါသာပိ၊ မာဒိသာဝ ဣမေ ဣတိ။
တမှာဂမ္မ နမညန္တု၊ သာသနေ နိပ္ပယောဇနံ။ (စတုရာရက္ခဒီပနီ)
သာသနာတော်မြတ်ကြီးတွင် ကြာမြင့်စွာ မှီတင်းနေထိုင်ကြသော်လည်း ဤသူ(လူ၊ရှင်၊ရဟန်း)တို့သည် ငါတို့ထက်ပင် လောဘ၊ဒေါသ၊မောဟတရားတွေများကုန်ကြ၏ဟု သင်တို့ကိုအကြောင်းပြု၍ သာသနာတော်မြတ်ကြီးအား အကြည်ညိုမဲ့သည်၏အဖြစ်သို့ မရောက်ပါစေလင့်။
*****
          သာသနာဟူသော ပါဠိစကားလုံးသည် “အဆုံးမ”ဟူသော အဓိပ္ပါယ်ကိုဆောင်ပါသည်။ မည်သူက မည်သူတွေကို ဆုံးမပါသနည်း? ဗုဒ္ဓဘုရားရှင်က ဝေနေယျသတ္တ၀ါအားလုံးကို ဆုံးမပါသည်ဟု ဖြေဆိုရပါမည်။ ထိုကြောင့် အဆုံးမခံပုဂ္ဂိုလ်များမှာ လူတန်းစားအလွှာအသီးသီးဖြစ်ပြီး၊ နေရာအနှံ့ပြားမှဖြစ်နိုင်သလို တိုင်းပြည်အသီးသီးမှလည်းဖြစ်နိုင်ပေသည်။ ခြုံငုံပြီးပြောရပါလျှင် သက်ရှိသတ္တ၀ါများအားလုံး ဖြစ်နိုင်ပါသည်။ ထိုအဆုံးမခံများသည် မိမိဆန္ဒအလျောက် လိုက်နာလိုသူက လိုက်နာကျင့်သုံးပြီး၊ မလိုက်နာလိုသူကလည်း နေနိုင်ပါသည်။ လိုက်ကိုလိုက်နာရမည်ဟု အတင်းအကြပ်စေခိုင်းတိုက်တွန်းထားခြင်းမဟုတ်ပါ။ မိမိကိုယ်ပိုင်ဥာဏ်ဖြင့် လိုက်နာကျင့်သုံးရန်သာဖြစ်သည်။ လိုက်နာကျင့်သုံးနိုင်သလောက် အကျိုးရှိမည့် လမ်းညွှန်ချက်၊ ဆုံးမချက်များလည်းဖြစ်ပါသည်။
          ဆုံးမထားသောအရာ(တရား)တွေက ဘာတွေလဲဟု မေးလာခဲ့သော်၊ ပိဋကတ် ၃-ပုံ၊ နိကာယ် ၅-ရပ် သို့မဟုတ်ပါက ဓမ္မခန္ဓာပေါင်း-၈၄၀၀-တို့ ဖြစ်သည်ဟု ဗုဒ္ဓဘာသာဝင်များနှင့် ဗုဒ္ဓစာပေများကို ရင်နှီးကျွမ်းဝင်ကြသူများက သိထားကြပေသည်။ တစ်နည်းဆိုရသော် ဓမ္မနှင့်ဝိနယတို့ဖြစ်သည်။ ထိုအရာများသည် မိမိတို့၏ နေ့စဉ်လူနေမှုဘ၀တွင်သာမက လောကီလူ့ဘောင်စွန့်ခွာသူတို့အတွက်ပါ ပြည့်စုံလှသည့် စည်းကမ်း၊နည်းလမ်းများ၊ အကျိုး-အပြစ်ဖွင့်ဆိုချက်များ၊ ဆောင်ရန်-ရှောင်ရန်များဖြစ်ပါသည်။
ထိုထိုများပြားလှသည့် တရားတော်များကို မည်သို့ကျင့်ကြံကြရပါမည်နည်း။ လိုက်နာလိုသူတို့က အဆိုပါတရားအစုပေါင်း ၈၄၀၀-ဆိုသည်များကို အကုန်စင်အောင် လိုက်နာရမည်လော။ သို့တည်းမဟုတ် ဘယ်လောက်များများ လိုက်နာကျင့်ဆောင်ရပါမည်နည်း။ အောက်ပါအဖြစ်ရပ်ကို ကြည့်ကြပါစို့။
          အမျိုးကောင်းသားတစ်ယောက်သည် ဘုရားရှင်သာသနာတော်တွင်းကို စစ်မှန်သော သဒ္ဓါတရားဖြင့် ၀င်ရောက်လာခဲ့သည်။ သူ့အား ၀ိနည်းစည်းကမ်းများတွင် ကျွမ်းကျင်သည့်ဆရာတော်က ဒီလိုမနေရ၊ ဒီလိုနေရမည်စသဖြင့် လွန်စွာမှများပြားလှသည့် ၀ိနည်းစည်းကမ်းများကို လိုက်နာစေသည်။ ၀ိနည်းစည်းကမ်းမှာ အကျဉ်းအားဖြင့် ၂၂၇-ချက်ရှိသည်။ အကျယ်အားဖြင့်မူ ကုဋေကိုးထောင်ကျော်တောင်မှရှိသည်ဟု ဆိုထားလေသည်။ တဖန် သုတ္တန်တတ်ကျွမ်းသောဆရာတော်က သုတ္တန်နည်းအားဖြင့် ဒီလိုကျင့်ရမည်ဟုဆိုကာ၊ အဘိဓမ္မာကို တတ်မြောက်သည့်ဆရာကမူ အဘိဓမ္မာနည်းအာဖြင့်မူ ဤသို့သာ လိုက်နာရပေမည်ဟု ညွှန်ကြားကြလေသည်။
          “ဆရာများတော့ သားသေ”ဆိုသကဲ့သို့ ကြုံရလေပြီ။ ဘုရားရှင်ဟောကြားထားသော တရားတော်များမှာ ပိဋကတ် ၃-ပုံဟုဆိုထားသည်။ ယင်းတို့သည် တစ်ခုနှင့်တစ်ခုမတူ ခြားနားနေလေသလောဟု သံသယပွားလာသည်။ ဤမျှများနေသည့် တရားတော်များကို သာမန်လူမျှသာဖြစ်သော မိမိအဖို့ ကျင့်သုံးဖို့ရာ လိုက်နာဖို့ရာမဖြစ်နိုင်။
လူ့ဘ၀မှာနေထိုင်ခြင်းဖြင့် ရဟန်းတော်များထက် စောင့်ထိမ်းရှောင်ကျဉ်စရာ၊ လိုက်နာစရာတွေနည်းလှသည်။ လူထွက်တော့အံ့ဟု အမျိုးကောင်းသားရဟန်းတော်လေးက ဆုံးဖြတ်ချက်ချလိုက်ပြီး၊ လူဘ၀ဖြင့်သာလျှင် ကုသိုလ်ကောင်းမှုများကို တတ်စွမ်းသမျှလုပ်တော့မည်ဟုကြံကာ ဘုရားရှင်ကို ရဟန်းဘ၀ဖြင့် နောက်ဆုံးဖူးမြှော်ရန် သွားရောက်ခဲ့လေသည်။
          အကြောင်းစုံကိုသိလိုက်ရသော ဗုဒ္ဓရှင်တော်က လူထွက်လိုသောရဟန်းငယ်အား “ကျင့်ဝတ်ဝိနည်းတွေ အများကြီးကို စောင့်ထိမ်းစရာမလိုပဲ၊ တစ်ခုတည်းကို စောင့်ထိမ်းရမယ်ဆိုရင်ကော သာသနာတော်မှာ နေနိုင်မည်လား”ဟု မေးတော်မူခဲ့သည်။ တစ်ခုတည်းဆိုက စောင့်ထိမ်းနိုင်ပါသည်ဆိုတော့ “ဒါဆိုရင် စိတ်တစ်ခုတည်းကိုပင် နိုင်အောင်ထိမ်းတော့”ဟု ဆုံးမလိုက်လေသည်။ သမုဒ္ဒရာရေ၏အရသာကို သိလိုသူသည် သမုဒ္ဒရာရေကို အကုန်လုံးသောက်စရာမလို ရေတစ်စက်မျှကို သောက်သုံးကြည့်ရုံမျှဖြင့်ပင် သိနိုင်သကဲ့သို့၊ ထိုအတူ နက်ရှိုင်းကျယ်ပြန့်လှသော သာသနာတော်၏ အရသာဖြစ်သော အကျိုးကျေးဇူးကိုလည်း သိနားလည်ရာသည်။
          ဘုရာရှင်၏ သာသနာတော်တွင် နေထိုင်ကြသော သာသနာ့ဝန်ထမ်း ရှင်ရဟန်းတို့အား မြတ်စွာဘုရားက သာသနာတော်အတွင် ပျော်မွေ့ပြီး သာသနာ့တာဝန်များကို ထမ်းဆောင်နိုင်ရန် အထူးပင်လိုလားတော်မူခဲ့သည်။ အကြောင်းမှာ ရဟန်းတော်များသည် ရထားခေါင်းတွဲကြီးနှင့်တူပြီး နောက်တွဲနှင့်တူသည့် လူစသောဝေနေယျသတ္တ၀ါများကို လိုရာခရီးရောက်အောင် ဦးဆောင်ပို့ပေးနိုင်သောကြောင့်ပင် ဖြစ်ပါသည်။ 
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
         April 23, 2011

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment