သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

ပေရာဒေနိယတက္ကသိုလ် လမ်းညွှန်
          ထေရ၀ါဒ ဗုဒ္ဓဘာသာကို အထူးဦးစားပေးသည့်အားလျှော်စွာ သီရိလင်္ကာနိုင်ငံရှိ တက္ကသိုလ်၊ ကောလိပ်တိုင်းလိုလိုတွင် ဗုဒ္ဓစာပေ လေ့လာရေးဆိုင်ရာဋ္ဌာနများ ထည့်သွင်းထားသည်။ ထိုအထဲတွင် မြန်မာ ရဟန်းတော်များ တက်ရောက်နေသည့် တက္ကသိုလ်များမှာ အောက်ပါ အတိုင်းဖြစ်သည်။
၁။ ပေရာဒေနိယတက္ကသိုလ် {University of Peradeniya}
၂။ ပါဠိနှင့်ဗုဒ္ဓဘာသာဆိုင်ရာ လေ့လာသင်ကြားရေး ဘွဲ့လွန်တက္ကသိုလ်၊ (ကေလနိယ) {Post Graduate Institute of Pali and Buddhist Studies, University of Kelaniya}
၃။ ဗုဒ္ဓဘာသာနှင့်ပါဠိစာပေလေ့လာသင်ကြားရေးတက္ကသိုလ် {Buddhist and Pali University (BPU)}
၎။ သီရိလင်္ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် {Sri Lanka International Buddhist Academy (SIBA)} နှင့်
၅။ အကွိုင်းနစ် ကောလိပ် (Aquinas College of Higher Studies)-တို့ဖြစ်သည်။
          သီရိလင်္ကာနိုင်ငံသို့ ပညာသင်ကြွလိုကြသော ညီတော်/နောင်တော်တို့အတွက် ယင်းတက္ကသိုလ်များ အထဲမှ တစ်ခုချင်းဆီကို သတင်းဆောင်းပါးအနေဖြင့်  တင်ပြသွားမည်ဖြစ်ပါသည်။
          ပေရာဒေနိယတက္ကသိုလ်သည် ၁၉၄၂-ခုနှစ်တွင် စီလုံတက္ကသိုလ်၏ အခွဲအဖြစ် စတင်ခဲ့သည်။ ၁၉၇၂-ခုနှစ်တွင် စီလုံတက္ကသိုလ်ကို သီရိလင်္ကာတက္ကသိုလ်အဖြစ် ပြောင်းလဲခဲ့ရာတွင်လည်း ယင်း တက္ကသိုလ်၏ နယ်မြေခွဲအဖြစ်ပင် ဆက်လက်ရပ်တည်ခဲ့သည်။ ၁၉၇၈-ခုတွင်မူ သီးခြား ရပ်တည်နိုင် သည့် ပေရာဒေနိယ တက္ကသိုလ် ဖြစ်လာခဲ့သည်။
          ပေရာဒေနိယတက္ကသိုလ်သည် သီရိလင်္ကာနိုင်ငံရှိ တက္ကသိုလ်များတွင် အကြီးမား၊ အကျယ်ဝန်းဆုံး ဖြစ်ပြီး တက္ကသိုလ်ဧရိယာမှာ ၁၇၂၉-ဧကကျော်ရှိသည်။ ကိုလမ်ဘိုမြို့မှ ကီလိုမီတာ ၁၀၀-ခန့်အကွာ ပေရာ ဒေနိယမြို့တွင် တည်ရှိပြီး၊ ဗုဒ္ဓမြတ်စွယ်တော်ထားရှိရာ ကန္ဒီမြို့နှင့် ၈-ကီလိုမီတာအကွာတွင်ရှိသည်။ ကား၊ ရထားတို့ဖြင့် လွယ်လင့်တကူ သွားလာနိုင်သည်။
          ပေရာဒေနိယသည် တက္ကသိုလ်ကြီးတစ်ခု ဖြစ်သည်နှင့်အညီ စာအုပ်၊စာတမ်းနှင့် မှတ်တမ်း မှတ်ရာ ပေါင်း ၄၀၅၀၀-ကျော်ရှိသော စာကြည့်တိုက်ကြီးရှိသည်။ မဟာဌာနကြီး (Faculty) ၈-ခုရှိပြီး၊ ယင်းတို့ အသီးသီးအောက်တွင် ဌာနခွဲ(Department)ပေါင်း များစွာရှိသည်။ (ဘွဲ့လွန်တက္ကသိုလ်ခွဲနှစ်ခုနှင့် အခြား သော လူ့အခွင့်ရေးလေ့လာမှုဆိုင်ရာစသော စင်တာများလည်းရှိသည်)။ မဟာဌာနကြီး ၈-ခုမှာ-
၁။ Faculty of Agriculture
၂။ Faculty of Allied Health Sciences
၃။ Faculty of Arts
၎။ Faculty of Dental Science
၅။ Faculty of Engineering
၆။ Faculty of Medicine
၇။ Faculty of Science
၈။ Faculty of Veterinary Medicine and Animal Science-တို့ဖြစ်သည်။
          မဟာဝိဇ္ဇာဌာန (Faculty of Arts) အောက်တွင် ဌာနခွဲပေါင်း ၁၇-ခုရှိပြီး၊ ယင်းတို့အထဲတွင် ပါဠိနှင့် ဗုဒ္ဓဘာသာ လေ့လာသင်ကြားရေးဋ္ဌာန (Department of Pali and Buddhist Studies)လည်း ပါဝင်သည်။ ဤဌာနတွင်သာ မြန်မာရဟန်းတော်များ တက်ရောက်သင်ယူနေကြသည်။
          ပေရာဒေနိယတက္ကသိုလ် မဟာဝိဇ္ဇာဌာနအောက်ရှိ ပါဠိနှင့်ဗုဒ္ဓဘာသာ လေ့လာသင်ကြားရေးဋ္ဌာနတွင် အမ်အေ (M.A)နှစ်မျိုးရှိသည်။ ပထမတစ်မျိုးတွင် ဘာသာရပ် ၆-ခု သင်ယူရပြီး ဘွဲ့ယူစာတမ်း (Dissertation) တင်သွင်းရ သည်။ စာသင်တစ်နှစ် ကျမ်းပြုတစ်နှစ် စုစုပေါင်း နှစ်နှစ်ဖြစ် သည်။ နောက်တစ်မျိုးမှာ ဘာသာရပ် ၈-ခုသင်ယူရပြီး စာ သင်နှစ် တစ်နှစ်တည်းသာဖြစ်သည်။ စာတမ်းပြုစုရန် မလိုအပ်ပါ။ မဟာဝိဇ္ဇာဌာနအတွက် ထုတ်ဝေသော တ က္ကသိုလ်လမ်းညွှန်စာအုပ်တွင် သုတေသနစာတမ်း ရေး သားရန် အချိန်လုံလုံလောက်လောက် မပေးနိုင်သော ကျောင်းသားများအနေဖြင့် စာတမ်း တင်သွင်းရခြင်းမရှိသည့် M.A-ကိုရွေးချယ်ရန် လေးလေးနက်နက် တိုက်တွန်းထားသည်ကို တွေ့ရသည်။
          အမ်အေတန်းနှစ်မျိုးလုံးအတွက် ကျောင်းတက်ရက်မှာ တစ်ပတ်လျှင် စနေနေ့တစ်ရက်သာ တက်ရ ပြီး တစ်နေကုန်တက်ရသည်။ စာသင်ကာလကို Semister-နှစ်ခုဖြင့် သတ်မှတ်ပြီး၊ တစ်ခုလျှင် ၆-လစီ သတ်မှတ်သည်။ စာမေးပွဲဖြေဆိုရာတွင် ကျသည့်ဘာသာရပ်ကို ပြန်ဖြေရသည်။  
          ပါဠိနှင့်ဗုဒ္ဓဘာသာလေ့လာရေးဌာနတွင် B.A-တန်းကို ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပါက M.Phil-တန်း ကို တိုက်ရိုက်တက်ခွင့်ပြုထားသောကြောင့် M.A နှင့် M.Phil- တို့မှာ သင်ရိုးညွှန်းတမ်း တစ်ခုတည်း ဖြစ်သည်။ သင်တန်းများကိုမူ Pali Studies နှင့် Buddhist Studies-ဟူ၍ နှစ်မျိုးခွဲထားပါသည်။ မိမိတို့ကြိုက် နှစ်သက်ရာတွင် ကျောင်းအပ်နိုင်ပါသည်။ ၄င်းတို့မှာ-
၁။ Courses in Pali Studies (M.A, M.Phil)
PST 601- Editing and Translating Pali Texts
PST 602- Abhidhrama Literature
PST 603- Textual Study
PST 604- Vinaya Literature
PST 605- Pali Grammatical Literature
PST 606- Buddhist Sanskrit Texts
၂။ Courses in Buddhist Studies (M.A, M.Phil)
BST 601- Theravada Abhidhamma
BST 602- Buddhist Counseling Psychology
BST 603 Buddhist Thought and Current Social Problems
BST 604- The Buddha Concept
BST 605- Theravada Buddhist Soteriology
BST 606- Buddhist Arts and Architecture of Sri Lanka
BST 607- Buddhism in Contemporary Sri Lanka-တို့ဖြစ်သည်။
          M.Aနှင့်M.Philသင်တန်းယူ ကျောင်းသားများသည် နောက်ဆုံးစာမေးပွဲမဖြေဆိုမှီ ဘာသာရပ်တိုင်း အတွက် Assignment-နှစ်ခုစီကို တင်သွင်းရသည်။ စာမေးပွဲပြီးသောအခါမှ မိမိရေးသားမည့် စာတမ်းကို Presentation-လုပ်ပြီး အတည်ပြုချက်ယူရသည်။ ထိုနောက် မိမိကျမ်းကို Supervisor-လုပ်မည့်သူနှင့် ကျမ်းပြီးသည်အထိ ဆက်လက်လုပ်ဆောင်ရပြီး၊ နောက်ဆုံးကျမ်းတင်သွင်းရာတွင် Viva-ထိုင်ရသည်။
          အခြားတက္ကသိုလ်တစ်ခုခုမှ M.A-ဘွဲ့ရပြီး M.Phil- လုပ်မည့်သူများသည် ကျောင်းအပ်စဉ် ကတည်းကပင် ကျောင်းမတက်ဘဲ သုတေသနစာတမ်းကို တိုက်ရိုက်ရေး မည်ဖြစ်ကြောင်း မော်ကွန်းထိမ်းကို ပြောပြီး ကျောင်းအပ်ရသည်။ သို့မဟုတ်ပါက M.Phil-  ကျောင်းသားများ အနေဖြင့် ခြောက်လမှ တစ်နှစ်အ တွင်း ဒေါက်တာဘွဲ့ (PhD)-ကို Upgrade-လုပ်ရာတွင် အဟန့်အတားဖြစ်လာနိုင်သောကြောင့်ဖြစ်သည်။
          သုတေသနစာတမ်း တင်းသွင်းရသူများသည် M.A-ဘွဲ့အတွက် စာလုံးရေနှစ်သောင်း၊ M.Phil- ဘွဲ့ အတွက် စာလုံးရေလေးသောင်းမှ ခြောက်သောင်းအတွင်း တင်သွင်းရပြီး၊ PhD-ဘွဲ့အတွက် အနည်းဆုံး စာလုံးရေရှစ်သောင်း တင်သွင်းရသည်။
M.Phil-အတွက် ကျောင်းအပ်လိုသူများသည် ကျောင်းမအပ်မှီ သုတေသနစာတမ်း အဆိုပြုလွှာ (Synopsis)ကို ကိုယ်တိုင်ရေးပြီးယူသွားရသည်။ ဌာနမှူး သို့မဟုတ် တာဝန်ရှိသူ တစ်ယောက်ယောက် နှင့် တိုင်ပင်ပြီး အဆင်ပြေလောက်မှ ကျောင်းအပ်ရသည်။ သို့မဟုတ်ပါက PhD-ကို Upgrade-လုပ်ရာတွင် သတ်မှတ်ချိန်ကို ကျော်သွားနိုင်သောကြောင့် ဖြစ်သည်။
သီရိလင်္ကာရှိတက္ကသိုလ်များတွင် M.A-ပြီးစေကာမူ PhD-ကို တိုက်ရိုက်လုပ်သည့် ထုံးစံမရှိကြပါ။ M.Phil-ကို အရင်လုပ်ကြရပြီးမှ သတ်မှတ်ချိန် ကာလအတွင်း PhD-ကို Upgrade-လုပ်ရိုးထုံးစံရှိသည်။
M.Philနှင့် PhD-တို့ကို တစ်နှစ်ပတ်လုံးကျောင်းအပ်နိုင်သော်လည်း M.A-အတွက် ကျောင်းအပ် သူများသည် ပထမ ၆-လပတ်ကို စတင်လေ့ရှိသည့် စက်တင်ဘာလ မတိုင်မှီ ကျောင်းအပ်ထားရသည်။ ကျောင်းအပ်ရာတွင် သက်ဆိုင်ရာအတန်းအတွက် မိမိ၏ဘွဲ့လက်မှတ်ကို လက်ခံခြင်းရှိ-မရှိ ဌာနမှူးကို ရှေးဦးစွာမေးမြန်းရသည်။ ဌာနမှူး၏ အတည်ပြုချက်ကိုရလျှင် Post Graduate Unit-မှ လျှောက်လွှာ တောင်းကာ လိုအပ်သည်များဖြည့်စွက်ပြီး ဘွဲ့လက်မှတ်မိတ္တူနှင့်အတူ Post Graduate Unit-ကို ပြန်လည် တင်သွင်းရသည်။ တစ်လခန့်ကြာမှ တရားဝင်လျှောက်လွှာခေါ်စာကို စာတိုက်မှတဆင့် ပေးပို့သည်။ ထို လျှောက်လွှာကိုဖြည့်စွက်ပြီး ကျောင်းစရိတ်သွင်းကာ တရားဝင်ကျောင်းအပ်ခြင်းကိုပြုလုပ်ရသည်။
မြန်မာနိုင်ငံမှ အစိုးရဓမ္မာစရိယဘွဲ့လက်မှတ်အပါအ၀င် အပြည်ပြည်ဆိုင်ရာ ထေရာဝါဒ သာသနာပြု တက္ကသိုလ်၊ နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်-မန္တလေး)၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဆရာကြီးဦးမြင့်ဆွေ တည်ထောင်ဖွင့်လှစ်သည့် ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်-မန္တလေး) B.A-ဘွဲ့လက်မှတ်များကို အသိမှတ်ပြုလက်ခံပါသည်။ အစိုးရဓမ္မာစရိယဘွဲ့အတွက် Notary-ပြုလုပ်ခဲ့ဖို့လိုပါသည်။
မည်သည့်ဘွဲ့အတွက်မဆို ကျောင်းအပ်ကြေး (Registration Fee)-မှာ အမေရိကန်ဒေါ်လာ ၂၅၀- ဖြစ်ပြီး၊ ယင်းကြေးကို နှစ်စဉ်သွင်းရသည်။ စာကြည့်တိုက်ကြေးမှာ အမေရိကန်ဒေါ်လာ ၉၀-ဖြစ်သည်။ စာ ကြည့်တိုက်ကြေးကိုလည်း နှစ်စဉ်သွင်းရသည်။
Academic Fee-များမှာ M.A-အတွက် အမေရိကန် ဒေါ်လာ ၅၀၀၊ M.Phil-အတွက် အမေရိကန်ဒေါ်လာ ၅၀၀-နှင့် PhD-အတွက် အမေရိကန်ဒေါ်လာ ၇၅၀-တို့ဖြစ်သည်။ ဤကြေး များမှာ ထေရ၀ါဒနိုင်ငံမှ ရဟန်းတော်များနှင့် တောင်အာရှ အဖွဲ့ဝင်နိုင်ငံ(SAARC)များအတွက် အထူးလျှော့ထားသည့် ပမာဏဖြစ်သည်။
ဘွဲ့အသီးသီးအတွက် နှစ်ကန့်သတ်ချက်များမှာ- M.A- သုတေသနစာတမ်း မရေးသူများအတွက် ၁-နှစ်၊ ရေးမည့် သူများအတွက် ၂-နှစ်မှ ၃-နှစ်၊ M.Phil-အတွက် ၂-နှစ်မှ ၄-နှစ် အတွင်း၊ PhD-အတွက် ၃-နှစ်မှ ၇-နှစ်အတွင်း အသီးသီးဖြစ်သည်။
ဘွဲ့လွန်ကျောင်းသားများ ဖြစ်သည့်အလျောက် အဆောင်နှင့် စားသောက်ရေး စသည်တို့ကို တက္က သိုလ်မှ စီစဉ်ပေးမည်မဟုတ်ဘဲ ကိုယ့်အစီစဉ်နှင့်ကို စီစဉ်ရမည်ဖြစ်သည်။
မေတ္တာဖြင့်-
               အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                   Saturday, September 3, 2011
Ref;
1.    University of Peradeniya, Faculty of Arts, Post Graduate Prospectus
5.    ပေရာဒေနိယတက္ကသိုလ် မိတ်ဆက်၊ အရှင်ပညာစာရ (ခင်ဦး)၊ လင်္ကာတမန်မဂ္ဂဇင်း၊ ၂၀၀၉။
6.    ပေရာဒေနိယတက္ကသိုလ်၊ အရှင်မာနိတ (ပေရာဒေနိယတက္ကသိုလ်)၊ လင်္ကာတမန်မဂ္ဂဇင်း၊ ၂၀၁၀။

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment