သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)
၂၀၁၁-နေ့စွဲများ
မေးခွန်းမရှိတဲ့ အဖြေ !
          နံက်ခင်းနေရောင်ခြည်သည် ကျက်သရေအတိရှိပါဘိ။ ပီဘိငြိမ်သက်ခဲ့တဲ့ ညကာလတိုလေးဟာ လျင်လျင်မြန်မြန်ပဲ ကုန်ဆုံးသွားပြီး၊ သတ္တလောကကြီးတစ်ခုလုံး ပွတ်လောရိုက်လာပြန်ပြီ။
          အရုဏ်ဦးဆောင်းနှင်းစက်လေးပေါ့……၊ ပန်းကတ္တီပါဝတ်ရုံလွှာကြားမှာ တမေ့တမောကြီး မှေးစက်နေသည်။ မပီဝိုးတ၀ါးညအမှောင်သည် တစ်ဖြေးဖြေးနှင့် လင်းလာပြီ။ ဆိတ်ငြိမ်ရာမှ ဆူညံလာသည်။  
          ဟော……. ရောင်ခြည်တစ်ထောင် အလင်းဆောင်တဲ့ ရှင်နေမင်းရဲ့ ရှေ့ပြေးလေးအဖြစ် အရှေ့မိုးကုတ်စက်ဝိုင်းဆီက ပုဇွန်သွေးသန်းလာပြီ။ လောကကြီး လှုပ်ရှားနိုးထသံနှင့်အတူ ပန်းလေးကလည်း ခေါင်းမြည်းခြုံနေရာမှ သူ့အလှကိုပြချင်လာသည်။
          အတွင်းကိုလှိုက်စားခံရတဲ့ ပန်းလေးကတော့ အလှမယွင်း၊ ရနံ့မကင်း တစ်သင်းသင်းနဲ့လေ။ သူ့ကိုကြည့်ရင်း နှစ်စက်လေးကတော့ ကရုဏာတွေ တဖွားဖွားဖြစ်နေသည်။ သနားစရာ ကောင်းလိုက်ပါဘိ။ ရှိသမျှသူ့အလှကို ဟန်ရေးပြခွင့်မရလိုက်ပါလား…။
          နေ၀င့်ဝင့်ကြွားလာချိန်မှာ ပန်းပွင့်လေးလည်း စွင့်စွင့်ကားလာပြီး လက်ကျန်အလှနဲ့ လောကကို ပြလိုက်ချင်သေး ဟန်ရေးတပြင်ပြင်။ တစိမ့်စိမ့်ကြည့်နေတဲ့ နှင်းစက်လေးကတော့ သိမ့်သိမ့်လေး ရင်ခုန်လာပြီ…….။ ငါ့မှာ……. ခိုကိုးရာ မရှိပါလား။
          လတ်လတ်ဆတ်ဆတ်ပန်းကို ပန်ဆင်ခွင့်ရလိုက်တဲ့ မိန်းမပျိုလေးကတော့ အလှဆင့်လို့ ယဉ်နေသယောင်။ ဝေဖို့စခဲ့တဲ့ဘ၀ကို အကြွေနဲ့ခြေဆင်းခဲ့ရတဲ့ ပန်းဘ၀ကို သူမှမသိဘဲ။ ဘ၀ပျက်ပေမဲ့ အလှတင့်နေသေးတော့ အပျိုစင်ရဲ့ဆံနွယ်ကြား သသလေးနဲ့ ရွရွလေးပေါ့..။
          လျှောကျမြေခရတဲ့ နှင်းစက်လေးကတော့ ပန်းဘ၀ပြုန်းသလို၊ သူ့ဘ၀လည်းဆုံးခဲ့ရ၊ နေ၀င်ချိန်ဟာ အမှောင်ကြီးပဲဆိုပြီး စိတ်ကိုဒုန်းဒုန်းချလိုက်သည်။ ဒါပေမဲ့…….. တစ်ကျွန်းမိုက်မနေဘူးလို့ သူမှမသိဘဲ၊ ပန်းလေးတင့်နေဆဲကိုရောပေါ့…။
          ဘာပဲဖြစ်ဖြစ် အချိန်က အားလုံးကို ရှင်းပြသွားမယ်ဆိုတာကိုတော့ ပန်းလေးသိလာပြီ။ အစကတည်းက မလှခဲ့တဲ့သူ့ဘ၀ဟာ အဆုံးလည်းမကောင်းခဲ့ဘူးလေ။ သူ့ကိုယုယသူတွေလည်း ဘာထူးမှာလဲ နေထွက်ချိန်ကို ပီပီပြင်ပြင် မသိသလို နေ၀င်ချိန်ကိုလည်း ရှင်းရှင်းလင်းလင်း မြင်ကြရတာမှမဟုတ်ပဲ……..။ အလှစစ်ကို မပိုင်ခဲ့သလို ဘ၀စစ်ကို ရခဲ့တာမဟုတ်ပဲ။ ဘာလို့လဲဆိုတော့ ရခဲ့တာကိုလည်း စွန့်ခဲ့တာပဲလေ…….။              ။
           သူ (သရက်)
Thursday, June 09, 2011
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment