သာသနာ ၂၆၀၀
အပိုင်း (၃) နိဂုံး
ထိုသာသနာတော် ၂၆၀၀-ပြည့်အခမ်းနားများကို ဗုဒ္ဓဘာသာ (ထေရ၀ါဒ/မဟာယာန)နိုင်ငံများတွင် ကျင်းပသည်/မပသည်ကို အတိကျမသိရသော်လည်း သီရိလင်္ကာနိုင်ငံတွင်မူ ဖွင့်ပွဲအကြိုအခမ်းနားများကို နိုင်ငံနှင့်အ၀ှမ်း ကျင်းပခဲ့ပြီးလေပြီ။ အလားတူ ပညာရှင်များအသီးသီးတို့အား ဖိတ်မန္တကပြုကာ သီရိလင်္ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ် (SIBA) တွင် ဆွေးနွေးပွဲကြီးကို အောင်မြင်စွာကျင်ပခဲ့ပြီးလေပြီ။ လာမည့် ကဆုန်လပြည့် (မေလ)တွင်လည်း သာသနာ ၂၆၀၀-ပြည့်အခမ်းကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပြင်ဆင်လျှက်ရှိကာ၊ ထိုအခမ်းနားကို ပါဝင်တက်ရောက်ရန် နိုင်ငံတကာသို့ ဖိတ်ခေါ်ထားကြောင်းလည်းသိရသည်။ မြန်မာနိုင်ငံမှ ရွှေတိဂုံဂေါကအဖွဲ့မှ တက်ရောက်ပြီး၊ ပြခန်းတစ်ခုလည်း ပြသလိမ့်မည်ဖြစ်ကြောင်းကိုပါ သိရလေသည်။
ထိုပြင် မြန်မာနိုင်ငံတွင်လည်း လာမည့်ကဆုန်လပြည့်နေ့တွင် သာသနာ ၂၆၀၀-ပြည့်အခမ်းနားကို ပညာရှင်အသီးသီးတို့အား ဖိတ်ခေါ်ကာ အစည်းဝေးကြီးကို ခမ်းနားကြီးကျယ်စွာ ကျင်းပမည်ဟုသိရသည်။ ၀မ်းသာဖွယ်ကောင်းပေစွ။ အခါအားလျှော်စွာ ဆွေးနွေးတိုင်ပင်ခြင်း၊ ညီညွတ်စွာရပ်တည်ကြခြင်းသည် တိုးတက်ဖို့ရာအကြောင်းဖြစ်၍ မင်္ဂလာတစ်ပါးပင် မဟုတ်ပါလား။
သီရိလင်္ကာ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်(SIBA)တွင် အကြိုအခမ်းနားအနေဖြင့် ကျင်းပခဲ့သော ညီလာခံတွင် ထေရ၀ါဒနိုင်ငံအချို့မှ တက်ရောက်လာသော ကိုယ်စားလှယ်အများစုမှာ ရဟန်းတော်များ၊ ဆရားလေးများ မဟုတ်ပဲ လူပုဂ္ဂိုလ်များသာ ဖြစ်နေသည်ကို တွေ့ခဲ့ရသည်။ ထိုအခြင်းရာကိုမြင်သော ကိုယ်စားလှယ်ဆရာတော်တစ်ပါးက နိုင်ငံတကာ ဗုဒ္ဓဘာသာညီလာခံအများစုတွင် လူပုဂ္ဂိုလ်များသာ ဦးဆောင်ပြီး ဟောပြောဆွေးနွေးကြ၊ တက်ရောက်ကြသည်ကိုတွေ့ရကြောင်း မိန့်ဆိုခဲ့လေသည်။ အဆိုပါအခမ်းနားမျိုးကို ဆရာတော်သံဃာတော်များအနေဖြင့် ဦးဆောင်ဆွေးနွေးသင့်ကြောင်းကိုပါ တဆက်တည်းပြောဆိုခဲ့လေသည်။
ဗုဒ္ဓဘာသာသည် လူတန်းစားမရွေး၊ ယောက်ျားမိန်းမမခွဲ၊ အယုတ်၊အလတ်၊အမြတ် မပိုင်းခြား အားလုံးပါဝင်နိုင် ကျင့်သုံးနိုင်လေသည်။ သို့စေကာမူ ဘာသာရေးခေါင်းဆောင် အမည်ခံထားသူများမှာ နောက်လိုက်များလိုဖြစ်နေသည်မှာ အတော်ပင်စဉ်းစားဖို့ လိုလာပြီဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ သက်ဆိုင်ရာ ပညာရေးမဏ္ဍိုင်၏ ယိုင်နဲ့မှုကြောင့်ဟု အချို့ကလည်း ထောက်ပြကြလေသည်။ မည်သို့ဆိုစေ အနာဂတ်အတွက် အလားလာကောင်းမဟုတ်သည်ကိုမူ ဘာသာရေးခေါင်းဆောင်များ သိထားကြဖို့လိုပေသည်။
တစ်ဖက်ကနေကြည့်ပြန်သော် ဗုဒ္ဓတရားတော်များသည် ယနေ့ကောင်းကျိုးသာမက မနက်ဖန်ကောင်းကျိုးများပါ ရှိနေပေသည်။ လောကီနယ်ပယ်အတွက်သာမက လောကုတ္တရာနယ်ပယ်အတွက်ပါ ထိထိရောက်ရောက်အကျိုးရှိလှပေသည်။ သို့စေကာမူ အချို့သောပညာရှင်များသည် ယင်းအချက်များကို အခွင့်ကောင်းယူကာ ဗုဒ္ဓ၏ဓမ္မများကို လောကီနယ်ပယ်အတွင်းကို အလွန်အကျူးဆွဲသွင်းကြလေသည်။ ဥပမာအားဖြင့် ဘုရားရှင်သည် စီးပွားရေးနဲ့ပတ်သက်သော တရားဓမ္မတွေကိုလည်း အခါအားလျော်စွာ ဟောကြားတော်မူခဲ့သည်ကို ငြင်းဆိုလို့မရနိုင်ပေ။ သို့ရာတွင် အချို့ပုဂ္ဂိုလ်များက အမွှန်းတင်လွန်းအားကြီးသောကြောင့် ဘုရားရှင်မှာ အထင်မြင်မှားစရာဖြစ်လာခဲ့သည်။ “ဤသို့ဖြင့် ပညာတတ်များပင်ဖြစ်စေကာမူ ဘာသာရေးကို အမှန်တကယ် မသိနားမလည်သူတို့အမြင်တွင် ဗုဒ္ဓသည် စီးပွားရေးပညာရှင်လုံးလုံးကြီး ဖြစ်လာရတော့သည်။”
ယင်းသို့ဖြစ်ရသည်မှာ ဘာသာရေးအသိရှိကြစေကာမူ ထိုက်သင့်သောကျင့်သုံးလိုက်နာမှု ချွတ်ယွင်းသောကြောင့်ဟုထင်သည်။ တစ်နည်းဆိုရသော် စိတ်ဖွင့်ဖြိုးတိုးတက်မှုကို အထူးအလေးပေးသည့် ဗုဒ္ဓတရားတော်ကို ရုပ်ဝတ္ထုတိုးတက်မှုကို နောက်ဆုံးပန်းတိုင်သတ်မှတ်သော သိပ္ပံပညာဆိုသောအရာနှင့် ချိန်ခွင်လျှာညှိလိုမှုဟု ယေဘုယျအနေဖြင့် သဘောပေါက်ရမည်လားမသိ။
တစ်ခါတစ်ရံတွင် သဒ္ဓါနှင့်ပညာ မညီမျှကြကုန်သော ပညာတတ် (ပညာရှိကိုမဆိုလို) ဆိုသူတို့သည် အတော်ပင် တုန်လှုပ်စရာကောင်းလှသည်။ သူတို့သည် မိမိတို့အယူဆသာ မှန်ပြီး၊ အခြားသူများ၏ အယူဆကို မှန်သည်ဟုမထင်ကြပေ။ ထိုကြောင့်လည်း အချို့သောသူများက ပညာတတ်များကို မှတ်ချက်ချသည်မှာ “ပညာတတ်ဆိုသူတို့သည် ဆင်အိုကြီးများနှင့်တူကြောင်း၊ အသက်အရွယ်ကြီးရင့်လာသော ဆင်များသည် မိမိတို့နှာမောင်းကို ငယ်စဉ်ကကဲ့သို့ လိုသလိုမခိုင်းစေနိုင်တော့ပဲ့ ပြန်၍တက်နင်းမိကြသည့်ပမာ၊ ပညာတတ်တို့မှာလည်း ကိုယ့်အယူဆနှင့်ကိုယ် ရစ်ပတ်မိနေသည်”ဟူ၏။
ထိုကြောင့် အယူဆတစ်ရပ်သည် မည်သို့ပင်ဖြစ်စေကာမူ မိမိစိတ်တွင် သိမ်းဆည်းထားသမျှ အပြစ်မရှိလှပဲ၊ အပြင်ကိုထုတ်ဖော်ပြောသည်နှင့် အပြစ်ကိုကျူးလွန်ရာရောက်လေသည်။ မိမိအယူဆကို ပြောဆိုတော့မည်ဟု ဆုံးဖြတ်လိုက်သည့်အချိန်ကစပြီး ထိုပြောမည့်အရာကို အထူးဂရုပြရပေမည်။
အချုပ်ဆိုရသော် ဗုဒ္ဓဘာသာဝင် လူရှင်ရဟန်းတို့သည် အထက်တွင်ဖော်ပြခဲ့သည့် ဂါထာပါ လမ်းညွှန်ချက်အတိုင်း အခြားဘာသာဝင်တို့အမြင်တွင် ဤလူရှင်ရဟန်းတို့သည် ဗုဒ္ဓဘာသာကို လေးစားလိုက်နာသူများဖြစ်ခြင်းကြောင့် တနည်းအားဖြင့် ဗုဒ္ဓဘာသာဝင်များ ဖြစ်သည့်အတွက်ကြောင့် ငါတို့ထက် လောဘ၊ဒေါသ၊မောဟတရားများ နည်းပါးကျပါလားဆိုပြီး သာသနာတော်ကြီးကို တစ်နည်းတစ်ဖုံအားဖြင့် စည်ပင်ပြန့်ပွားစေသင့်သည်။ ဒီပုဂ္ဂိုလ်တွေကဖြင့် ဗုဒ္ဓသာသာလို့သာဆိုတယ် ငါတို့ထက်တောင် ဆိုးရွားနေပါလားဆိုပြီး သာသနာတော်ကြီးကို ညှိုးနွမ်းစေမည့် သိက္ခာကျစေမည့် လုပ်ငန်းမှန်သမျှကို အတတ်နိုင်ဆုံး ရှောင်ကြဉ်လိုက်နာသင့်ပေသည်။
အားလုံးသိကြပြီးဖြစ်သည့်အတိုင်း ထေရ၀ါဒဗုဒ္ဓဘာသာဆိုသည်မှာ ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက်ပိုင်း ဘုရားရှင်၏ တပည့်သားရဟန်းတော်များက ဒကာ-ဒကာမအပေါင်းတို့၏ အထောက်ပံ့အကူညီကို ရယူကာဖြင့် ဗုဒ္ဓဟောကြားတောမူခဲ့သည့် တရားတော်များကို မူရင်းမပျောက်အောင် ထေရ်စဉ်ဝါဆက် ထိမ်းသိမ်းလာခဲ့ခြင်းဖြစ်သည်။ ယင်းကိုပင်လျှင် ထေရ၀ါဒဟုခေါ်ဆိုရပေသည်။ ယခုဆိုလျှင် နှစ်ပေါင်း ၂၆၀၀-ဟူသော ခရီးရှည်ကြီးကို အခက်ခဲအမျိုးမျိုးကို ဖြတ်ကျော်ကာ လျှောက်လှမ်းလာခဲ့ပြီးဖြစ်သည်။
ထိုခေတ်ထိုအခါကာလက လူ၊ရှင်၊ရဟန်းတို့သည် မိမိတို့ကိုယ်တိုင် သာသနာတော်ကြီးကို ယုံကြည်ကိုးကွယ် ခိုင်မာတည်တံ့အောင် ဆောင်ရွက်ခဲ့ကြသလို၊ အခြားသူမျာကို စစ်မှန်သော ယုံကြည်ချက်များ ဖြစ်ထွန်းစေပြီး ပြန့်ပွားအောင်ဆောင်ရွက်ခဲ့ကြသည်။ ရှေးသူတော်ကောင်းများကား တာဝန်ကျေပွန်ခဲ့သည်ဟု ဆိုရပေမည်။ ထိုအတူ ဆရာကောင်းတော့ တပည့်ပန်းကောင်းပန်သည့်ပမာ မျိုးဆက်သစ်များလက်ထက်တွင်လည်း တာဝန်ကျေသူများဖြစ်သင့်ပေသည်။ စစ်မှန်သော ဗုဒ္ဓတရားတော်များကို လောကလူသားတို့၏နှလုံးသားတွင် သွတ်သွင်းပေးခြင်းအားဖြင့် လောကငြိမ်းချမ်းရေး၊ မိမိငြိမ်းချမ်းရေးတို့ကို ဖော်ဆောင်ရပေမည်။
ထိုသို့ သာသနာတော်ကြီးကို ခိုင်မာ၊ပြန့်ပွားအောင် ဆောင်ရွက်ရာတွင် “ကိုယ်ကျင့်တရားသည် တနည်းအားဖြင့် ၀ိနည်းစည်းကမ်းသည် သာသနာတော်၏အသက်ဖြစ်သည် (၀ိနယောနာမ သာသနဿ အာယု)၊ ၀ိနည်းစည်းကမ်း ခိုင်မြဲနေလျှင် သာသနာအရှည်တည်သည် (၀ိနယေ ဋ္ဌိတေ သာသနံ ဋ္ဌိတံ ဟောတိ)”ဟု ပထမသင်္ဂါယနာတင် မထေရ်မြတ်တို့၏ ဆုံးမသြ၀ါဒကိုလည်း မမေ့သင့်ပေ။
ကိုယ်ကျင့်တရားဟူသော စည်းကမ်းဘောင်အတွင်းကနေ မျက်စိကိုဖွင့် နားကိုစွင့်ကာ လောကလူသားတို့ကောင်းကျိုးကို ထိရောက်သောနည်းတို့ဖြင့် အကျိုးကျေးဇူးပြုနေမည်ဆိုလျှင် သို့တည်းမဟုတ် စစ်မှန်သော ဗုဒ္ဓတရားတော်များကို လူသားအားလုံး၏ ရင်ထဲရောက်အောင် မှန်မှန်ကန်ကန်ဖြင့် ပို့ဆောင်ပေးနိုင် လက်ဆင့်ကမ်းပေးနိုင်မည်ဆိုလျှင် ဗုဒ္ဓအဆုံးမ (သာသနာ)တို့သည် နောင်နှစ်ပေါင်း ထောင်းသောင်းမကကြာအောင် တည်တံ့နိုင်ပေတော့မည်သာ။
သတ္တ၀ါအားလုံး ကိုယ်၊စိတ်နှစ်ဖြာ ကျမ္မာ၊ချမ်းသာကြပါစေ.....!
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
No response to “၂၀၁၁-နေ့စွဲများ”
Post a Comment