သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

“အကြောင်းဆက်လို့ ပေါင်းဖက်ရသော် ရွှင်ပျော်ပျော်”
(မြန်မာပြည်တွင် ထုတ်ဝေလျှက်ရှိသည့် စာရေးသူ၏ စာအုပ်များကို အင်တိုက်အားတိုက် အကူညီပေးနေသည့် ဒကာလေး၏ မင်္ဂလာပွဲအတွက် ရေးသားပေးပို့ခဲ့သော မင်္ဂလာဦးလက်ဆောင် ဖြစ်ပါသည်။)
မင်္ဂလာပါ! ဒကာလေးနဲ့ ဒကာမလေး
တွေ့တဲ့အခါတိုင်း မင်္ဂလာပါလို့နှုတ်ဆက်နေကျနော်။ အင်း….အခုတော့ တကယ်ကိုမင်္ဂလာရှိသွားပြီပေါ့လေ။ မနက်စောစောမှာ ဒီမင်္ဂလာဖိတ်စာလေးကိုဖတ်ရတာကိုက တကယ့်ကို မင်္ဂလာရှိသွားပါတယ်။ ဦးဇင်းလည်းစာမေးပွဲကာလမို့ အလုပ်တွေမအားလပ်နိုင်ဖြစ်နေပါတယ်။ တစ်ပြိုင်တည်းမှာပဲ MA-ဘွဲ့အတွက် ကျမ်းတင်ဖို့ပါလုပ်နေရတော့ ပိုပန်ပမ်းတာပေါ့လေ။ ဘာပဲဖြစ်ဖြစ် မင်္ဂလာဦးလက်ဆောင်အနေနဲ့ ဓမ္မစကားအချို့ လက်ဆောင်အဖြစ်ပါးလိုက်ပါတယ်
လောကလူတွေဟာ အချိန်တန်အရွယ်ရောက်လာလို့ရှိရင် အိမ်ထောင်ပြုကြရတာ ဓမ္မတာပါပဲလေ။ မဆန်းလှပါဘူး။ ဆန်းတာက တစ်ယောက်နဲ့တစ်ယောက် ဘ၀ကိုပုံပေးလက်ထပ်ပြီးကာမှ ကွဲကွာကြရတာကမှ ဆန်းတာပါ။ လိုလျှင်ကြံဆ နည်းလမ်းရဆိုတဲ့အတိုင်း တစ်နည်းအားဖြင့်ပြောရရင် “Prevention is better than cure.= ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတယ်”မလား။ အဲလိုမကောင်းတဲ့ အမင်္ဂလာတွေ မရောက်လာနိုင်တဲ့နည်းလမ်းလေးခုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀-ကျော်ကတည်းတ ဘုရားရှင်ကပြောခဲ့ပြီးသားပါလေ။ အဲဒါကို အိမ်ထောင်ရှင်အမျိုးသားအမျိုးသမီးတို့ ဘ၀တစ်လျှောက်လုံး လိုက်ကိုင်ထားပြီး ကျင့်သုံးလိုက်နာရမည့် အမှန်တကယ်အစွမ်းရှိတဲ့ အဆောင်လက်ဖွဲ့အနေနဲ့ ဘ၀တစ်လျှောက်လုံး ကျင့်ဆောင်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
၁. သမေစိတ္တံ= စိတ်ထားတူညီပါ။ မင်္ဂလာမောင်မယ်တို့အနေနဲ့ လောကလူတို့အတွက် အရေးကြီးဆုံးဖြစ်တဲ့ စီးပွားရေး၊ လူမှုရေးအပါဝင် လုပ်ငန်းကိစ္စအ၀၀တွေကို စိတ်တူကိုယ်တူ ပြုလုပ်ပါ။ ငါကအိမ်ထောင်ဦးစီး ငါပြောတာကို မှားမှားမှန်မှန်နားထောင်ဆိုတဲ့ လုံးဝကိုအသုံးမကျတဲ့ အတွေးခေါ်မျိုးကို နှစ်ယောက်လုံးရဲ့အတွေးခေါ်ထဲကို ဘယ်တော့မှ မရောက်လာပါစေနဲ့။ အသေးဖွဲလေးပင်ဖြစ်လင့်ကစား အတူတကွ တိုင်ပင်လုပ်ဆောင်ကြပါ။
၂. သမေသီလံ= ကိုယ်ကျင့်တရားတူညီပါ။ ဇနီးမောင်နှံတို့ဟာ ကာမေသမိစ္ဆာစာရကံကို တင်းတင်းကြပ်ကြပ်ကို လိုက်နာကြရမယ်။ ကိုယ့်ယောက်ျား/ ကိုယ့်ဇနီးမယားမှတပါး အခြားကိုမဖောက်ပြန်ရဘူး။ (စိတ်နဲ့တောင်မှ မပြစ်မှားရင် အကောင်းဆုံးပေါ့။)
၃. သမပ္ပညံ= ပညာရေးတူညီပါ။ "တစ်ခုပညာ၊ကိုယ်စီပါ"ဆိုတဲ့ စကားအတိုင်း အသက်မွေးဝမ်းကြောင်းတွက် လူတိုင်းပညာတစ်မျိုးမျိုးကိုတတ်ထားရမယ်။ ဒီနေရာမှာ အထူးသတိထားရမှာက ပညာရေးတူညီရမယ်ဆိုတာကို ငါကဘီအေဘွဲ့ကိုရထားတယ်။ မင်းလည်းအဲဒီဘွဲ့ကို ရရမယ်ဆိုတာမျိုးတွေကို မဆိုလိုပါ။ ဥပမာ ယောက်ျားတစ်ယောက်ဟာ ဘာဘွဲ့ကိုမှ မရချင်နေပါစေ မိမိအိမ်ထောင်ရဲ့စီးပွားရေးကို လုံလောက်အောင်ထောက်ပံ့ပေးနိုင်ပြီး သမ္မာအာဇီဝကျတဲ့ ပညာတစ်မျိုးမျိုးကိုတတ်ရပါမယ်။ အနိမ့်ဆုံးပြောရရင် ဖိနပ်ချုပ်တဲ့ပညာဖြစ်ပါစေ တကယ်တတ်မြောက်ရင် စည်းပွားဥစ္စာဖြစ်ထွန်းနိုင်ပါတယ်။ ဘုရားလောင်းတောင်မှ အပ်ချုပ်ပညာနဲ့ ဘ၀တစ်ခုမှာ အသက်မွေးခဲ့ဖူးတယ်။ ဒါပေမဲ့ချမ်းသာခဲ့ပါတယ်။ အမျိုးသမီးဆိုရင်လည်း ရှာရလာတဲ့ စီးပွားရေးကို အိပ်ပေါက်နဲ့ ဖားကောက်ဆိုတာမျိုးမဖြစ်ရအောင် အိမ်ထောင်ထိန်းပညာကိုတတ်ရမှာပါ။ အဲဒါက PhD-ဘွဲ့ရထားဖို့ထက် အရေးကြီးပါတယ်။
၎. သမေစာဂံ= အလှူအတန်းပေးတာတူညီပါ။ လူရယ်လို့ဖြစ်လာရင် မိမိတို့ထုံးတမ်းအစဉ်လာနဲ့အညီ ပေးကမ်းလှူဒါန်းရတာလည်း လုပ်သင့်လုပ်ထိုက်တဲ့ မြင့်မြတ်တဲ့အရာတစ်ခုပါ။ အဲလိုအလှူဒါနလုပ်ရာမှာ မင်းဆရာ/ ငါ့ဆရာပဲဆိုပြီး ခွဲခြားတာမျိုးမလုပ်ရပါဘူး။ ဒီထက်အရေးကြီးတာကိုပြောရရင် မင်္ဂလာတရားတော်မှာ ဟောထားတာက ဥာတကာနဉ္စသင်္ဂဟော= ဆွေမျိုးတွေကိုထောက်ပံ့ရမယ်။ မာတာပိတုဥပတ္ထာနံ= မိဘတွေကိုကျွေးမွေးထောက်ပံ့ရမယ်ဆိုတာပါပဲ။ မိမိတို့မှာ စီးပွားရေးအဆင်ပြေလာလို့ ဆွေမျိုးတွေ၊ မိဘတွေကို ထောက်ပံ့ဖို့ အခွင့်ရေးကြုံလာတဲ့အခါ ယောက်ျားဘက်ကအမျိုး မိန်းမဘက်ကအမျိုးစသည်ဖြင့် ခွဲခြားခွဲခြားမလုပ်ပါနဲ့။ ဒီလိုအသေးဖွဲလေးတွေကြောင့် မိမိတို့ရဲ့ကြီးမားတဲ့အိမ်ထောင်ရေးကို မယိုင်လဲပါစေနဲ့။ အမှိုက်ကစ ပြဿာဒ်မီးလောင်ဆိုတာမျိုးမဖြစ်ပါစေနဲ့။
ဒီတရားလေးမျိုးကို လိုက်နာတဲ့ မည်သည့်ဇနီးမောင်နှံမဆို လက်ရှိပစ္စုန်မှာလည်း ကိုယ်၏ကျမ္မာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံနိုင်သလို သံသရာမှာလည်း အကျိုတူခံစားရမှာပါ။ ထိုပြင် သိင်္ဂါလောဝါဒသုတ်တွင် လင့်ဝတ္တရားငါးပါးကို “မထီမဲ့ကင်း၊ အပ်နှင်းဥစ္စာ၊ မိစ္ဆာမမှား၊ ၀တ်စားဆင်ယင်၊ မြတ်နိုးကြင်၊ ငါးအင်လင်ကျင့်ရာ”နှင့် မယားဝတ္တရားငါးပါးကို “အိမ်တွင်းမှုလုပ်၊ သိမ်းထုပ်သေချာ၊ မိစ္ဆာကြဉ်ရှောင်၊ လျော်အောင်ဖြန့်ချိ ၊ ပျင်းရိမမူ၊ ၀တ်ငါးဆူ၊ အိမ်သူကျင့်အပ်စွာ”လို့ ဖော်ပြထားတာရှိပါတယ်။ ဒါတွေဟာ မင်္ဂလာမောင်မယ်တို့ အသက်ထက်ဆုံး စောင့်စည်းလိုက်နာရမည့် အချက်တွေလဲဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် ဒကာလေးနှင့်ဒကာမလေးတို့ မင်္ဂလာဦးကာလမှသည် သံသရာဆုံးတိုင်အောင်  ပြုံးပျော်နိုင်ကြပါစေ။ အခက်ခဲမှန်သမျှ စိတ်တူကိုယ်တူ ဖေးမကူညီကာ ကျော်လွှားနိုင်ကြပါစေ။ အသိုင်ဝိုင်းအလယ်၊ လောကအလယ်မှာ မျက်နှာပွင့်လန်းပြီး ဥစ္စာစီးပွား ဒီရေအလားတိုးပွားနိုင်ကြပါစေ။
မေတ္တာဖြင့်-
                 အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment