သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

လမြတ်ဝါဆို
    လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက်က ဂေါတမဘုရားအလောင်းတော်သည် ဒီပင်္ကရာ မြတ်စွာဘုရား ၏ ခြေတော်ရင်းတွင် သုမေဓာရှင်ရသေ့ဘ၀ဖြင့် လက်တစ်ကမ်းတွင်ရှိနေသော မိမိအကျိုး ကိုစွန့်၍ သတ္တ၀ါတို့၏အကျိုးငှါ ဘုရားဆုကိုပန်တော်မူပြီး၊ ဘုရားဖြစ်ရန် ဗျာဒိတ်ရသောနေ့သည် ၀ါဆို လပြည့်နေ့ဖြစ်သည်။
          သကျသာကီဝင်မင်းတို့၏အရှင် သုဒ္ဓေါဓနမင်းကြီး၏ မိဖုရားခေါင်ကြီး မာယာဒေ၀ီ၏ ၀မ်းကြာ တိုက်တွင် နောက်ဆုံးဘ၀ဖြစ်သည့် သိဒ္ဓတ္ထမင်းသားဘ၀ကို ပဋိသန္ဓေစတည်ရာနေ့သည် ၀ါဆိုလပြည့် နေ့ပင်ဖြစ်သည်။
၁၃-နှစ်ကြာအောင် ရမ္မ၊သုဘ၊သုရမ္မ-မည်သော ရွှေနန်းသုံးဆောင်တွင် နွေ၊မိုး၊ဆောင်း တစ်လှည့်စီပြောင်းကာ ကြင်ယာတော် ယသော်ဓရာဗိမ္ဗာဒေ၀ီနှင့်အတူ နတ်တမျှဖြစ်သော မင်းစည်းစိမ်ကို ခံစားတော်မူခဲ့ပြီး၊ နတ်တို့ဖန်ဆင်းပြသသည့် သူအို၊ သူနာ၊ သူသေ၊ ရဟန်း-ဟူသော နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ သက်တော်(၂၉)နှစ်အရွယ်၊ သားဦးရတနာ ရာဟုလာကိုဖွားမြင်သည့် ညသန်းခေါင်ယံ အချိန်မှာ နောက်လိုက်မောင်ဆန်ပါလျှက် ကဏ္ဍက-စီးတော်မြင်း၏ အကူညီဖြင့် အနော်မာသောင်ကမ်းကို မြန်း၍ တော်ထွက်တော်မူခဲ့သည်။ ထိုနေ့သည်လည်း ၀ါဆိုလပြည့်နေ့ဖြစ်သည်။
ဥရုဝေလတောတစ်ခွင် နေရဉ္ဇရာမြစ်ကမ်းတစ်လျှောက် ဆရာအသီးသီးထံတွင် သံသရာမှ လွတ်မြောက်ကြောင်း တရားများကို နည်းခံကျင့်သုံးခဲ့သော်လည်း စိတ်တိုင်းမကျခဲ့ပေ။ မင်းသားငယ် ဘ၀တွင် အခြားပညာရှင်များက လက်နှစ်ချောင်းထောင်ကာ လူ့ဘောင်တွင်နေ့က စကြာဝတေးမင်း ဖြစ်လိမ့်မည်၊ တောထွက်ပါက ဘုရားဖြစ်လိမ့်မည်ဟု နိမိတ်ဖတ်ကြချိန်တွင် လက်ညိုး တစ်ချောင်းသာ ထောင်လျှက် ဘုရားစင်စစ် ဧကန်ဖြစ်လိမ့်မည် ဟု ပြောဆိုခဲ့သော ကောဏ္ဍညသည် နောက်ပါသူငယ်ချင်း လေးယောက်နှင့်အတူ ဘုရားလောင်းတောထွက်အလာကို ဥရုဝေလတောကနေ ကြိုတင်စောင့်နေခဲ့သည်။
ပဉ္စ၀ဂ္ဂီခေါ် ငါးပါးအစုဖြစ်သော ကောဏ္ဍည၊ ၀ပ္ပ၊ဘဒ္ဒိယ၊မဟာနာမ်နှင့်အဿဇိ-တို့သည် ဘုရားလောင်းကို ရေပူရေချမ်းကာ ပြုစုလုပ်ကြွေးခဲ့ကြသည်။ ၄င်းတို့၏ အထောက်ပံ့ဖြင့် ပြင်းထန်သော အကျင့်တို့ကို အစားအသောက်ကို အရိုးပေါ်အရေကျန် ခြိုးခြံချွေတာကာ ၆-နှစ်ပတ်လုံး ပြင်းပြင်းထန်ထန် ကျင့်တော်မူသည်။
ဘုရားဖြစ်ရန် လမ်းကြောင်းမဟုတ်သည်ကို ထင်းရှားသိမြင်သောအခါ အစွန်းရောက်သော ထိုအကျင့်များကို စွန့်ကာ မျှတသောအစားစာ၊ အနေထိုင် အကျင့်တို့ဖြင့် တရားနှလုံးသွင်းတော်မူလေသည်။ ပြင်းထန်စွကျင့်တာတောင်မှ ဘုရားမဖြစ်လျှင် ကောင်းကောင်းစား၊ ကောင်းကောင်းနေအကျင့်ဖြင့် ဘယ်မှာလျှင် ဘုရားဖြစ်နိုင်လိမ့်မည်နည်း-ဟု ဘုရားလောင်းအပေါ် အယုံကြည်ကင်းကာ ပဉ္စ၀ဂ္ဂီငါးဦးတို့ သည့် ဣသိပတန မိဂဒါဝုန်တော်သို့ ထွက်ခွါသွားကြသည်။ ၄င်းတို့က ဘုရားလောင်း သူတို့နောက်ကို လိုက်လာလျှင် စကားမပြော၊ ခရီးဦးမကြို၊ နှုတ်မဆက်ကြစတမ်း ကတိက၀တ် ပြုထားကြလေသည်။
သက်တော်(၃၅)နှစ် ကဆုန်လပြည့်နေ့တွင် သမ္မာသမ္ဗုဒ္ဓ ဘုရားစင်စစ် ဧကန်ဖြစ်တော်မူခဲ့သည်။ ဘုရားဖြစ်ပြီးနောက် တရားဦးဟောဖို့ရန် ကြည့်ရှုဆင်ခြင်တော်မူရာ ပဉ္စ၀ဂ္ဂီငါးဦးကို မြင်တော်မူ၍ သားသမင်တို့ဘေးမဲ့ပေးရာတောဖြစ်သည့် ၄င်းတို့နေထိုင်ရာ မိဂဒါဝုန်တောသို့ ကြွတော်မူလေသည်။ နှုတ်ကတိထားခဲ့ကြသော်လည်း အဝေးမှပင်လှမ်းလာသည်ကို မြင်ကြရာတွင် ဘုရားရှင်၏ အနှိုင်းမဲ့ မေတ္တာတော်ကြကြောင့် ခရီးဦးမကြိုပဲမနေနိုင်၊ အသီးသီးနေရာမှထကာ ကြိုဆိုနှုတ်ဆက်ကြ နေရာပေးကြ လေသည်။
အချိန်ကား အသူရိန်နေမင်းကြီးသည် အနောက်ဂေါ်ယာကျွန်းသို့ဝင်လုလု၊ အရှေ့လောကဓာတ်က စန္ဒာငွေလမင်းကြီးကား ပြည့်ပြည့်ဝန်းဝန်းထွက်ပေါ်စပြုနေသည်။ ထိုနေ့သည် တရားဦးဖြစ်သော ဓမ္မစက္က ပ၀တ္တနသုတ်(ဓမ္မစကြာ)ကို ဟောကြားတော်မူခဲ့သည့် ၀ါဆိုလပြည့်နေ့ပင်တည်း။
ထိုဓမ္မကြာတရားတော်၏ အကျဉ်းမှာ-
အစွန်းရောက်တရားနှစ်ပါးဖြစ်သည့် (၁)ကာမသုခလ္လိကနုယောဂ= ကာမဂုဏ်ခံစားခြင်း၊ (၂) အတ္တကိလမထနုယောဂ= ပြင်းထန်သောအကျင့်တို့ဖြင့် ခန္ဓာကိုယ်ကို ညှဉ်းပမ်းနှိပ်စက်ခြင်း-တို့ကို ရှောက်ကြဉ်ကာ မဇ္ဈိမပဋိပဒါ=အလယ်အလတ်ကျင့်စဉ်ဖြစ်သော မဂ္ဂင်ရှစ်ပါးလမ်းစဉ်ကို ကျင့်ကြံရခြင်းဖြစ်သည်။
မဂ္ဂင်ရှစ်ပါးမှာ-(၁) သမ္မာဒိဋ္ဌိ= မှန်ကန်ကောင်းမြတ်သော အမြင်ရှိခြင်း၊ (၂) သမ္မာ သင်္ကပ္ပ=  မှန်ကန်ကောင်းမြတ်သော အကြံစည်ရှိခြင်း၊ (၃) သမ္မာဝါစာ= မှန်ကန် ကောင်းမြတ်သော စကားကိုပြောခြင်း၊ (၄) သမ္မာကမ္မ န္တ= မှန်ကန်ကောင်းမြတ်သော အလုပ်ကို လုပ်ကိုင်ခြင်း၊ (၅) သမ္မာအာဇီဝ= မှန်ကန်ကောင်းမြတ်သော အသက်မွေးဝမ်းကြောင်း ကိုပြုလုပ်ခြင်း၊ (၆) သမ္မာဝါယမ= မှန်ကန်ကောင်းမြတ်သော လုံ့လ၀ိရိယရှိခြင်း၊ (၇) သမ္မာ သတိ= မှန်ကန်ကောင်းမြတ်သော သတိရှိခြင်းနှင့် (၈) သမ္မာသမာဓိ= မှန်ကန်ကောင်းမြတ်သည့် တည်ကြည်သော သမာဓိရှိခြင်း-တို့ဖြစ်သည်။
သစ္စာလေးပါးမှာ-(၁) ဒုက္ခသစ္စာ= ဆင်းရဲကြောင်းဖြစ်သောတရား၊ (၂) သမုဒယသစ္စာ= ဆင်းရဲ ကြောင်းကိုဖြစ်စေသော အကြောင်းရင်းတရား၊ (၃) နိရောဓသစ္စာ= ဆင်းရဲခြင်းမှ ချုပ်ငြိမ်းကြောင်းဖြစ်သောတရားနှင့် (၄) မဂ္ဂသစ္စာ= ဆင်းရဲငြိမ်းရာကို ဦးတည်ရာ လမ်းကြောင်းများ ဖြစ်သောတရား-တို့ဖြစ်သည်။
ဤသို့ဖြင့် တရားဦးဓမ္မစကြာ၏ အနှစ်ချုပ်သည် (၁) အစွန်းရောက်တရားနှစ်ပါးကို ပယ်သတ်ပြီး (၂) မဂ္ဂင်ရှစ်ပါး အကျင့်မြတ်များကို လိုက်နာကျင့်သုံးခြင်းဖြင့် (၃) သစ္စာလေးပါး တရာတော်များကို ထိုးထွင်သိမြင်ရန်ဖြစ်သည်။
ဓမ္မအသိများ နေ့စဉ်ဘ၀ထဲသို့ ယူဆောင်သွားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါသည်………….။
မေတ္တာဖြင့်-
          အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                 Saturday, July 09, 2011

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment