သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

၂၀၁၁-နေ့စွဲများ

ဗုဒ္ဓဘာသာနှင့်ပါဠိစာပေသင်ကြားရေးတက္ကသိုလ် 
(BPU)လမ်းညွှန်
          ဘီပီယူ (BPU)-ဟု အတိုကောက်ခေါ်သော ဗုဒ္ဓဘာသာနှင့် ပါဠိစာပေသင်ကြားရေး တက္ကသိုလ် {Buddhist and Pali University of Sri Lanka}-ကို ၁၉၈၁-ခုနှစ်တွင် အကောင်အထည်ဖော်ခဲ့ပြီး၊ ၁၉၈၂- ခုနှစ်တွင် ပညာသင်ကြားရေးကို စတင်ခဲ့သည်။ ပင်မ တက္ကသိုလ်အပြင် ဘွဲ့လွန်ကျောင်းခွဲတစ်ခုလည်း ရှိသည်။
ပင်မတက္ကသိုလ် (Main Campus)သည် ကိုလမ်ဘို မြို့တော်မှ ၂၈-ကီလိုမီတာခန့် အကွာ ဟောမဂါမမြို့နယ်၊ ပိတိပနရွာတွင် တည်ရှိသည်။ ဤတက္ကသိုလ်၏ အခွဲဖြစ် သော ဘွဲ့လွန်လေ့လာရေးဌာန(Postgraduate Studies)မှာ ကိုလမ်ဘိုတက္ကသိုလ် (University of Colombo) အနီး၊ ကိုလမ်ဘို(၇)တွင် တည်ရှိသည်။ ပင်မတက္ကသိုလ်တွင် Under Graduate-အတန်းများကို သင်ကြားပေးပြီး၊ အခွဲတွင်မူ Post Graduate-အတန်းများကို သင်ကြားပေးသည်။
သီရိလင်္ကာနိုင်ငံတွင် BPU-တက္ကသိုလ်သည် ပါဠိနှင့်ဗုဒ္ဓစာပေများကို အဓိကသင်ကြားပို့ချပေးသည့် တစ်ခုတည်းသော တက္ကသိုလ်အဖြစ် စတင်တည်ထောင်ချိန်မှစ၍ မကြာသေးခင်နှစ်များအထိ တစ်နည်းပြော ရလျှင် {Sri Lanka International Buddhist Academy (SIBA)}ကို မဖွင့်လှစ်သည်အထိ ရပ်တည်ခဲ့သည်။ အခြားတက္ကသိုလ်များမှာ ဗုဒ္ဓစာပေလေ့လာရေးကို ဌာန (Department)တစ်ခု အဖြစ်သာ ထားရှိသည်။ ထူးခြားသည်မှာ သီရိလင်္ကာရှိ တက္ကသိုလ်တိုင်းလိုလိုတွင် ဗုဒ္ဓစာပေလေ့လာရေးဌာနများ (Buddhist Studies) ထားရှိခြင်းဖြစ်သည်။
 ဤတက္ကသိုလ်၌ သင်ကြားပို့ချရာတွင် စင်္ဟာလနှင့် အင်္ဂလိပ်ဘာသာစကားတို့ကို ကြားခံဘာသာ (Medium)အဖြစ် အသုံးပြုသည်။ ယခုနောက်ပိုင်းတွင်မူ ကိုးရိးယားဘာသာစကားကိုပါ ကြားခံသင်ကြား သည့် ဘာယာအဖြစ်အသုံးပြုကြောင်းသိရသည်။
သင်ကြားမှုဌာနများနှင့်ပတ်သက်၍ BPU-တက္ကသိုလ်တွင် မဟာဌာနကြီး(Faculty) နှစ်ခုရှိသည်။ ယင်းတို့မှာ-
၁။ Faculty of Buddhist Studies
၂။ Faculty of Language Studies-တို့ဖြစ်ကြသည်။
၁။ Faculty of Buddhist Studies (ဗုဒ္ဓဘာသာလေ့လာရေးဆိုင်ရာ မဟာဌာနကြီးအောင်တွင် ဌာနခွဲ(Department) လေးခုရှိသည်။ ယင်းတို့မှာ-
(၁) Department of Buddhist Philosophy
(၂) Department of Buddhist culture
(၃) Department of Religious Studies and Comparative Philosophy
(၄) Department of Buddhist Arts and Archaeology-တို့ဖြစ်ကြသည်။
၂။ Faculty of Language Studies (ဘာသာစကား လေ့လာရေးဆိုင်ရာ မဟာဌာနကြီး အောက်တွင်လည်း ဌာန(Department)များ ရှိသည်။ ယင်းတို့မှာ-
(၁) Department of Pali
(၂) Department of Sanskrit
(၃) Department of Sinhala and Modern Languages
(၄) Department of English
(၅) Department of Korean- တို့ဖြစ်ကြသည်။
BPU-တက္ကသိုလ်တွင် တက်ရောက်နိုင်သည့် ဒီပလိုမာနှင့်ဘွဲ့တို့မှာ-
(၁) Undergraduate Diploma
(၂) Postgraduate Diploma
(၃) Bachelor of Arts {(B.A, General)} နှင့် {B.A (Special)}
(၄) Master of Arts (M.A)
(၅) Master of Philosophy (M.Phil)
(၆) Doctor of Philosophy (Ph.D)-တို့ ဖြစ်ကြသည်။
အတန်းအသီးသီးအတွက် နှစ်ကန့်သတ်ချက်တို့မှာ- Undergraduate Diploma နှင့် Postgraduate Diploma-တို့အတွက် တစ်နှစ်စီ၊ B.A (General)အတွက် သုံးနှစ်နှင့် B.A (Special) တန်းအတွက် လေးနှစ်၊ M.A တစ်နှစ်၊ M.Phil နှစ်နှစ်နှင့် Ph.D-အတွက် သုံးနှစ်-တို့ အသီးသီးဖြစ်ကြသည်။
BPU-တက္ကသိုလ်မှ B.A-တန်းကို အောင်မြင်ပြီးဆုံးသူများသည် အထူးအစီစဉ်အနေဖြင့် ဘွဲ့ယူစာ တမ်း (Dissertation Paper) တင်သွင်းရပြီး၊ နှစ်နှစ်သတ်မှတ်ထားသော M.A-တန်းကို တက်ရောက်လိုက တက်ရောက်နိုင်ပသည်။ ၄င်းမှာ စာသင်နှစ် တစ်နှစ်နှင့် ကျမ်းပြု တစ်နှစ် ဖြစ်သည်။
BPU-တက္ကသိုလ်တွင် မြန်မာရဟန်းတော်များ အပါအ၀င် နိုင်ငံတကာမှ ကျောင်းသား/သူများ တက်ရောက်ကြသည်။ မြန်မာရဟန်းတော်အများစုမှာမူ B.A (General)-ရိုးရိုးတန်းကိုသာ တက်ရောက်ကြ သည်။
B.A-ပထမနှစ်တွင် အတန်းများကို ရိုးရိုးတန်း(Genaral)နှင့် ဂုဏ်ထူးတန်း(Special)ဟူ၍ ခွဲခြား မထားပေ။ ပထမနှစ်ကို အောင်မြင်ပြီးနောက်မှသာ ဘာသာရပ်အလိုက် ရမှတ်များနှင့် ဂုဏ်ထူးထွက် ဘာသာရပ်များအပေါ် မူတည်ကာ ဒုတိယနှစ်တွင် ရိုးရိုးတန်းနှင့် ဂုဏ်ထူးတန်းဟု ကွဲသွားပြီး ဘာသာရပ် အချို့လည်း ပြောင်းသွားသည်။
စာသင်ကာလကို နှစ်စဉ် ဇန်န၀ါရီလတွင် စတင်လေ့ရှိပြီး နိုဝင်ဘာလတွင် ပြီးဆုံးသည်။ ကျောင်းအပ်ခြင်းများကို ဇန်န၀ါရီလမှာပင် စတင်လက်ခံပါသည်။ စာသင်နှစ် တစ်နှစ်တွင် Semester-ကို သုံးပိုင်းခွဲထားသည်။ B.A-အတန်းတိုင်းတွင် ဘာသာရပ်အားလုံးကို Assignment-နှစ်ခုစီ တင်သွင်းရသည်။
ဤတက္ကသိုလ်၏ စာမေးပွဲစနစ်မှာ တစ်နှစ်တစ်တန်းကို ပုံမှန်တက်သွားရပြီး၊ ကျသည့် ဘာသာရပ်များကို ပြန်ဖြေရခြင်မျိုးသည်။ ဥပမာအားဖြင့် ပထမနှစ် စာမေးပွဲကို ဖြေဆိုပြီး၍ အောင်စာရင်း ထွက်သည့်အခါ ဘာသာရပ်များ အားလုံးအောင်သည်ဖြစ်စေ၊ မအောင်သည်ဖြစ်စေ နောက်ပညာသင်နှစ် တစ်ခုကို စတင်ရာတွင် ဒုတိယနှစ်ကို တက်ရသည်။ နောက်ဆုံးစာမေးပွဲ ဖြေဆိုချိန်တွင်မူ ယမန်နှစ်က ကျရှုံးထားသော ဘာသာရပ်များကို သူ့ရက်နှင့်သူ ပြန်လည်ဖြေဆိုရခြင်း ဖြစ်သည်။ ဤနည်းအားဖြင့် ကျရှုံးထားသည့် ဘာသာရပ်များကို နှစ်နှစ်မှ သုံးနှစ်အထိ မအောင်မချင်း ပြန်လည်ဖြေဆိုခွင့် ရှိသည်။ မြန်မာနိုင်ငံတွင်မူ တစ်ဘာသာကျလျင်ပင် စာမေးပွဲကျသည်ဟု သတ်မှတ်ပြီး နောက်တစ်တန်းကို ဆက်တက်ခွင့် မရပေ။
BPU-တက္ကသိုလ်သည် တက္ကသိုလ်များ ဓနသဟာယအသင်း (The Association of Common-wealth University)၏ အဖွဲ့ဝင်တက္ကသိုလ် တစ်ခုဖြစ်သောကြောင့် သီရိလင်္ကာရှိ မြန်မာရဟန်းတော်များ တက်ရောက်နေကြသည့် အခြားတက္ကသိုလ်များနှင့်စာလျင် အတန်းတိုင်းအတွက် ဈေးအသက်သာဆုံး ဖြစ်သည်။ သို့တစေ သီရိလင်္ကာ တက္ကသိုလ်အများစု ထုံးစံအတိုင်း နိုင်ငံခြားကျောင်းသားများကို နေစရာ အဆောင် မပေးပါ။ စားရေးနေရေးတို့ကို မိမိတို့အစီစဉ်ဖြင့်သာ လုပ်ဆောင်ကြရသည်။
သီရိလင်္ကာသည် နိုင်ငံသားကို ဦးစားပေးလေ့ရှိသောကြောင့် ပြည်တွင်းကျောင်းသားများ ကိုမူ နေစရာအဆောင် စသည်တို့ပေးပါသည်။ မည်သည့်အကြောင်းကြောင့်ဖြစ်ဖြစ် မည်သည့်နေရာတွင်ဖြစ်ဖြစ် ကျောင်းသားခြင်းပင် တူစေကာမူ နိုင်ငံသားကို ဦးစားပေးသည် ကိုသာ တွေ့မြင်ရမည်ဖြစ်သည်။
B.A-တန်းများအတွက် Registration Fee-မှာ အမေရိကန်ဒေါ်လာ နှစ်ဆယ်ဖြစ်ပြီး၊ နှစ်စဉ်သွင်းရ သည်။ Academic Fee-မှာ B.A-သုံးနှစ်လုံးပေါင်းမှ အမေရိကန်ဒေါ်လာ ငါးရာခန့်သာဖြစ်သည်။
Postgraduate-အတန်များအတွက် Academic Fees-များမှာ M.A-အတွက် အမေရိကန်ဒေါ်လာ တစ်ရာ့ငါးဆယ်၊ M.Phil-အတွက် အမေရိကန်ဒေါ်လာ နှစ်ရာ့ခုနှစ်ဆယ်နှင့် Ph.D-အတွက် အမေရိကန် ဒေါ်လာ လေးရာ့နှစ်ဆယ်-တို့ အသီးသီးဖြစ်ကြသည်။
B.A-တန်းကို မြန်မာနိုင်ငံမှ အစိုးရပထမကြီးတန်းကို အောင်မြင်လျင် တက်ရောက်နိုင်ပြီး၊ M.A- တန်းကိုမူ အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ် (ရန်ကုန်-မန္တလေး)၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်-မန္တလေး) ဘီအေ အောင်လက်မှတ်တို့ဖြင့် တိုက်ရိုက်တက်ရောက်နိုင်ပါသည်။ အစိုးရ သာသနဓဇဓမ္မာစရိယ ဘွဲ့ဖြင့်လည်း တိုက်ရိုက်ပင် တက်ရောက်နိုင်ပါသည်။ သို့ရာတွင် ယင်းဘွဲ့လက်မှတ်ကို Notary-လုပ်ခဲ့ဖို့လိုပါသည်။
ယခုနောက်ပိုင်းနှစ်များတွင် M.A-တန်းကို ၁-နှစ်တန်းနှင့် ၂-နှစ်တန်းဟု နှစ်မျိုးခွဲထားသည်။ ၂- နှစ်တန်းကို BPU-တက္ကသိုလ်မှ B.A-တန်းပြီးသူများသာ တက်ရောက်ခွင့်ရှိကြောင်းသိရသည်။ မည်သို့ပင် ဖြစ်စေ မြန်မာရဟန်းတော်များ B.A-တန်းတွင် တက်ရောက်သူ များပြားသော်လည်း M.A-တန်းကိုမူ တက်ရောက်သူ အတော်နည်းသည်။ M.A-တစ်နှစ်တန်းတွင် ဘာသာရပ်ငါးခုသင်ယူရပြီး ဘာသာရပ် လေးခုမှာ မယူမနေရဘာသာရပ် (Compulsory Subject) များဖြစ်သည်။ ဘာသာရပ်တစ်ခုသာလျင် စိတ်ကြိုက်ဘာသာ (Optional Subject)အဖြစ် အပိုပေးထားသည့် ဘာသာရပ်နှစ်ခုတည်းမှ ရွေးချယ် နိုင်ပါသည်။
M.A-တစ်နှစ်တွင် ဘွဲ့ယူစာတမ်း (Dissertation)ကို တင်သွင်းစရာမလိုပါ။ ကျောင်းတက်ရက် မှာလည်း တနင်္ဂနွေတစ်ရက်တည်းသာ တက်ရပြီး၊ နံက်ကိုးနာရီမှ ညနေသုံးနာရီအထိ တက်ရသည်။ မြန်မာရဟန်းတော်အများစုသည် BPU-တက္ကသိုလ်၏ M.A-တစ်နှစ်တန်းတွင် မတက်ရောက်ကြပါ။ အနည်းစုသာ တက်ရောက်ကြပါသည်။ M.A-နှစ်နှစ်တန်းတွင်မူ Thesis-ရေးရမည်ဖြစ်ပြီး ၂၀၁၀/၁၁-ခုနှစ်တွင်မှ စတင်ချဲ့ထွင်ခဲ့ခြင်းဖြစ်သည်။
မည်သည့်အတန်းတွင်ဖြစ်ဖြစ် တက်ရောက်လိုသူများသည် အဓိကအားဖြင့် မိမိသင်ယူမည့် ကြားခံဘာသာစကား (Medium Language)ကို အထိုက်အလျောက် ကျွမ်းကျွမ်းကျင်ကျင် ရှိထားရပါမည်။ မြန်မာရဟန်းတော်များသည် (English Medium)တွင်သာ တက်ရောက်လေ့ ရှိကြသောကြောင့် M.A-တန်း ကိုသာမက B.A-တန်းကို တက်ရောက်လိုသူများပါ အင်္ဂလိပ်စာနှင့် စကားကို သေချာပြင်ဆင်ခဲ့ဖို့လိုကြောင်း အကြံပြုလိုက်ရပေသည်။    ။
မေတ္တာဖြင့်-
              အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                  Friday, September 09, 2011
ကိုးကား။        ။
1.    1. Buddhist and Pali University of Sri Lanka, 2010
2.    2. ဥုတ်လှငယ်၊ BPU-တက္ကသိုလ်မိတ်ဆက်၊ လင်္ကာတမန်မဂ္ဂဇင်း၊ ၂၀၀၉။
3.    3. အရှင်ကေ၀လ၊ BPU-တက္ကသိုလ်၊ လင်္ကာတမန်မဂ္ဂဇင်း၊ ၂၀၁၀။
4.    4. M.A Degree Examination, Syllabus of Buddhist Studies (BPU), 2011

No response to “၂၀၁၁-နေ့စွဲများ”

Post a Comment