သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝ

ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘဝ
(ဗုဒ္ဓဘာသာဝင်တစ်ယောက်၏ ရှုမြင်သုံးသပ်ချက်)
နိဒါန်း
  ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ရှုထောင့်မှကြည့်လျှင် အိမ်ထောင်ရေး ဟူသည် မြင့်မြတ်သောအရာ မဟုတ်သကဲ့သို့ နိမ့်ကျသည့်အရာလည်း မဟုတ်ပါ။ ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို ဘာသာရေးနှင့် သက်ဆိုင်သည့် တာဝန်တစ်ရပ်အနေဖြင့် သဘောမထား သလို ကောင်းကင်ဘုံတွင် နဖူးစာရေးသည့် ဓမ္မမင်္ဂလာဟုလည်း မယူဆပေ။ လူအချို့က အိမ်ထောင်ရေးကို ကောင်းကင်ဘုံ၌ ပန္နက်ချပေးသည်ဟု ယုံကြည်ပြီး၊ အချို့ကမူ ငရဲပြည်တွင် မှတ်တမ်းတင်ခြင်းဖြစ်သည်ဟု ယုံကြည်ကြကြောင်း အဆိုးမြင်ဝါဒီတစ်ဦးက ပြောခဲ့ဖူးသည်။ ပင်ကိုအားဖြင့် အိမ်ထောင်ရေးဆိုသည်မှာ ပုဂ္ဂိုလ်ရေးနှင့် လူမှုရေး ၀တ္တရားတစ်ခုဖြစ်သည်။ မဖြစ်မနေ လုပ်ရမည့်အရာ မဟုတ်ပေ။ အမျိုးသားရော အမျိုးသမီးပါ အိမ်ထောင်ပြုခွင့် သို့မဟုတ် တစ်ကိုယ်ရေတစ်ကာယနေခွင့်ကို စိတ်ကြိုက်လုပ်ဆောင်ခွင့်ရှိရမည်။ ဤသို့ဆိုခြင်းဖြင့် ဗုဒ္ဓဘာသာသည် အိမ်ထောင်ပြုခြင်းကို ကန့်ကွက်သည်ဟု မဆိုလိုပါ။ ဤလောကတွင်ရှိသော လူများအားလုံးက အိမ်ထောင်ရေးသည် မကောင်းပါဟု မည်သူမျှပြောမည်မဟုတ်။ အိမ်ထောင်ရေးကို ဆန့်ကျင်သော ဘာသာရေးလည်းမရှိပေ။
          လက်တွေ့မှာမူ သက်ရှိအရာဝတ္ထုမှန်သမျှသည်  ကာမဂုဏ်ခံစားမှု၏ အကျိုးဆက်တစ်ခုအနေဖြင့် စတင်ဖြစ်ပေါ်လာရခြင်းဖြစ်သည်။ လူသားတို့အကြားတွင် အိမ်ထောင်ပြုခြင်း အလေ့အထမှာ လူ့ဘောင် အဖွဲ့စည်းသည် လူသားမျိုးစိတ် ဆက်လက်တည်တံ့စေရန် တာဝန်ယူဖို့ ဖြစ်ပေါ်လာပြီး လူငယ်လူရွယ်များ အခြားတစ်ဦးအား ဂရုတစိုက်ရှိခြင်းကို အာမခံချက်ပေးရန်ဖြစ်သည်။ ဤအချက်က ကာမစပ်ယှဉ်ခြင်းကြောင့် မွေးဖွားလာသော ကလေးများကို အိမ်ထောင်ရေးတွင် ပါဝင်ပတ်သက်သူများ၌ တာဝန်ရှိသည်၊ အနည်းဆုံး ကလေးများ အရွယ်ရောက်သည်အထိ ဖြစ်သည် ဟူသော ငြင်းခုံမှုအပေါ်တွင် အခြေခံသည်။ ထို့ပြင် အိမ်ထောင်ပြုခြင်းသည် ထိုတာဝန်ကို ထိန်းသိမ်းဖို့နှင့် တာဝန်ယူဖို့ဖြစ်သည်။
 လူ့အဖွဲ့စည်းသည် အပြန်အလှန် ဆက်ဆံမှုနှင့် တစ်ဦးအပေါ်တစ်ဦး မှီခိုမှုဖြစ်သော ပေါင်းသင်းဆက်သွယ်မှု ကွန်ယက်မှ တိုးတက်ပြောင်းလဲ လာခြင်းဖြစ် သည်။ ပေါင်းသင်းဆက်ဆံမှု အားလုံးသည် ၀ိုင်းဝန်းကူညီရန် စိတ်ရောကိုယ်ပါနှစ်မြုပ်ထားခြင်းနှင့် အဖွဲ့စည်းတစ်ခု သို့တည်းမဟုတ် လူ့အသိုင်းတစ်ခုတွင် ရှိနေသူများကို ကာကွယ်ပေးရန်ဖြစ်သည်။ အိမ်ထောင်ရေးသည် ဤအားကောင်းသည့် အထောက်ပံ့ပေးခြင်း၊ အကာကွယ်ပေးခြင်းဖြစ်သော ကူးလူးဆက်ဆံမှု လူမှုကွန်ယက်၏ အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။ သာယာသော အိမ်ထောင်ရေးသည် နားလည်ခြင်းမှတစ်ဆင့် တဖြေးဖြေးနှင့် ရှင်သန်၊ ဖွံ့ဖြိုးသင့်သည်။ စိတ်လိုက်မာန်ပါ မဖြစ်သင့်။ စစ်မှန်သော သစ္စာစောင့်သိမှုဖြစ်သင့်ပြီး အလိုလိုက်ရုံသက်သက်မျှသာ မဖြစ်သင့်။ အိမ်ထောင်ရေး ထုံးတမ်းဓလေ့သည် ယဉ်ကျေးမှု ထွန်းကားရေး၊ နှစ်ဦးနှစ်ဖက်၏ နှစ်လိုဖွယ်ကောင်းသော ပေါင်းသင်းဆက်ဆံရေးကို ပြုစုပျိုးထောင်ရေးနှင့်၊ အထီးကျန်ခြင်း၊ ဆင်းရဲခြင်းနှင့် ပူပင်သောကဖြစ်ခြင်းတို့မှ ကင်းလွတ်စေရန်  အခြေခံကောင်းကို ပံ့ပိုးပေးသည်။ အိမ်ထောင်ရေး၌ အိမ်ထောင်ဖက်တစ်ဦးချင်းစီက လိုက်လျောညီထွေသည့် အခန်းကဏ္ဍကို ဖြစ်စေသည်။ တစ်ဦးအပေါ်တစ်ဦးက ခွန်အားနှင့် ကိုယ်ကျင့်တရား ခိုင်မာမှုကိုပေးသည်။ အချင်းချင်း ဖေးဖေးမမ အကူအညီပေးကာ မိသားစုအတွက် ကြောင့်ကြစိုက်မှုနှင့် ကြည့်ရှုစောင့်ရှောက်မှု အပေါ်တွင် မိမိအိမ်ထောင်ဖက်၏ ကျွမ်းကျင်သည့်ပညာရပ်ကို တန်ဖိုးထားအသိမှတ်ပြုပေး သည်။ ယောက်ျား သိုမဟုတ် မိန်းမက ပို၍အခရာကျသည်ဟူသော အတွေးမျိုးမရှိရပေ။ တစ်ဦး၏ လိုအပ်ချက်ကို အခြားတစ်ဦးက ဖြည့်ဆည်းပေးရမည်။ အိမ်ထောင်ရေးဟူသည် သမမျှတပြီး သာယာပျော့ပြောင်းသော ရက်ရောသော တည်ငြိမ်သော အလေးနက်ထားအပ်သည့် စီးပွားဖက်ဖြစ်သည်။
          ဗုဒ္ဓဘာသာတွင် သာယာချမ်းမြေ့သော အိမ်ထောင်သည်ဘ၀ကို အထောက်အကူဖြစ်စေနိုင်သည့် လိုအပ်သော အကြံဥာဏ်များအားလုံးကို တွေ့နိုင်ပါသည်။ အိမ်ထောင်ရေးသုခကို အမှန်တကယ် အလိုရှိသူသည် မြတ်ဗုဒ္ဓနည်းပေးညွှန်ပြသော အကြံဥာဏ်များကို မျက်ကွယ်မပြုသင့်ပါ။ တရားတော်များ တွင် မြတ်ဗုဒ္ဓသည် လက်ထပ်ပြီး ဇနီးမောင်နှံများနှင့် အိမ်ထောင်ရေးကို အလေးအနက်ထားသူတို့အတွက် အကြံပေးချက် အမျိုးမျိုးကို ဟောကြားတော်မူသည်။ “သင့်မြတ်ပြီး နားလည်မှုရှိသော ဇနီးမယားကို ရှာတွေ့နိုင်လျှင်၊ သင့်မြတ်ပြီး နားလည်မှုပေးနိုင်သော လင်ယောက်ျးကိုရှာတွေ့နိုင်လျှင် ထိုအမျိုးသား အမျိုးသမီးတို့သည် အမှန်တကယ်ကံကောင်းသူများ ဖြစ်ကြသည်”ဟု မြတ်ဗုဒ္ဓက မိန့်ကြားတော်မူခဲ့ သည်။
                                                         အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                             Thursday, February 02, 2012
မှတ်ချက်။     ။ DR. K. SRI DHAMMANANDAA HAPPY MARRIED LIFE တွင်ပါသော INTRODUCTION ကို ဆီလျော်အောင် ပြန်ဆိုသည်။ ချွတ်ယွင်းချက်ရှိသော် ဘာသာပြန်ဆိုသူ၏ အားနည်းချက်သာဖြစ်သည်။

No response to “ပျော်ရွှင်ချမ်းမြေ့သော အိမ်ထောင်သည်ဘ၀”

Post a Comment