သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

တမာခါးခါး ဘ၀ခါးခါး


“တမာခါးခါး ဘ၀ခါးခါး”
မိုးကြီးသွန်ချ မဲမှောင်ကျရွာ
မနေသာဘူး
စားရင်းထပြေး ညဥ့်ချဉ်းမအေး
မီးပုံးကိုယူ ၀မ်းကိုကူဖို့
နွားနှင့်သာပင် ပျိုးခင်းဝင်ခဲ့။
သွားချင်းရိုက်ခတ် ချမ်းခိုက်ခိုက်တုန်
စောင်မခြုံဘူး
ကျောပြဲအင်္ကျီ ခါးဝတ်ဖာရာသီနဲ့
ဝမ်းဝရေးတဲ့
နှင်းထုကိုခွဲ
လုပ်ငန်းခွင်ထဲ ရောက်ခဲ့ပြီ။
နွေနေ့လည်ဆူ ပူထက်ပူရော့
လူ့ကံထူးလှ လ,မြူးရတယ်
ရင်ဝယ်ပိုက်ထွေး သည်ဝမ်းရေးမို့
ခြေ၀တ်တန်ဆာ ဗလာနတ္ထိ
ခါးဝတ်စတိနဲ့ လုပ်ငန်းခွင်ဝင်
ငါမှငါပင် ကိုးရာမြင်ဘူး။
ဇိမ်ခံပစ္စည်း ချို(ဂျို)နဲ့ပြီးလား
မကွဲပြားဘု
ခွန်တုတ်ကလူ မင်းမာန်မူလည်း
ငါ့နွားလောက်မှ မှီရာမရ။
ကုန်းဝယ်လယ်စိုက် သုံးထပ်စိုက်တဲ့
မိုးနဲ့သက်ရှင်
တို့လယ်သာခွင် တစ်ကြောင်းယဉ်ကို
ထပ်ထပ်ပင်စိုက် သီး-ညှပ်လိုက်တဲ့….။
သေစာ-ရှင်စာ
ဖတ်နိုင်ကာမျှ ဒို့ဘ၀ကို
လှေနံဓားချ ပုံသေကျနဲ့
ဘာဘာညာညာ နည်းပညာတဲ့
စာထဲစိုက်ပျိုး သီးထွက်တိုးတယ်
လက်တွေ့အလုပ်နဲ့ဒို့ဟာ
ယာတောကိုမွှေ
လယ်တောကြီး-သေ ညက်ညက်ကျေပြီ
နည်းသစ်ဆန်းနဲ့ ပျိုးခင်းကြမ်းဖို့
ထယ်ရေးကိုဝင် ပီဘိပညာရှင်ရယ်
ကိုယ့်ခါးကိုယ် ကလိထိုး
နှစ်ပြားဖိုးမတန်အောင်
ရယ်လိုက်ချင်ရဲ့…။
ဘိုးဘွားပိုင်မြေ ဒို့လယ်တွေဟာ
မိုးကိုမော်ရ
ဥတုသာမျှ
ရာသီကျမှ
ကံချဖြေရှာ
မရေရာဘူး။
သူ့ဆန်စားလားေ၀၀ါးဝါးနဲ့
နဝေတိမ်တောင် လမ်းညွှန်ကြောင်မှောင့်
လုပ်ငန်းခွင်ဆင်း
မိုးတွင်းမလျော်
နွေဝယ်မသင့်
ဆောင်းချင့်မကြုံ
သီးနှံစုံလည်း
ထပ်ထပ်စိုက်ပျိုး
တိုးထက်တိုးလာ ဘ၀ဆိုးမှာဖြင့်
လမ်းညွှန်ရမှ စုံကန်းရပြီ
ဖောင်စီး ရေငတ်
အလုပ်ဇယ်ဆတ်ပေမယ့်
ပါးစပ်နဲ့လက်ပြတ်လု
ပိုမျိုးထုရှစ်ဆယ်
ဟစ်တိုင်ရစ်အော်ပြီ
မင်းနားတစ်ထောင်
မကြားယောင်တကား….။       ။
                                                  သူ (သရက်)
                                                     Friday, May 25, 2012
အညာမြေတစ်နေရာမှ တောင်သူတို့ဘ၀ကို ရည်ညွှန်းသည်။

No response to “တမာခါးခါး ဘ၀ခါးခါး”

Post a Comment