“လောက အထုပ္ပတ္တိ”
မုန်တိုင်းထန်တဲ့ ရက်တွေမှာ
လေပြေလာဖို့ မျှော်ခဲ့ဖူးတယ်
ပျော်ရွှင်နေချိန်ဆို
ငိုရဖို့ကို သံသယပွားမိတယ်
မုန်တိုင်းရှိလို့ လေပြေရှိတာလား
ပျော်လို့ ငိုရမှာလား
အချစ်ကြောင့် အမုန်းဖြစ်ရသလား
သောကမိုးတွေကိုနှစ်သိမ့်ဖို့
နေသာတဲ့အချိန်တွေ မွေးဖွားလာသလား
အခြားရဲ့တစ်ဖက်ကို မြင်ကြည့်ရင်
အခြားတစ်ခုလည်း ရှိနေတာပဲ
တစ်ဖက်သတ်အမြင်နဲ့
ဘ၀ကိုရှင်သန်ဖို့ ကြိုးစားရင်း
အဓိပ္ပာယ်တွေလည်း အမျိုးမျိုးဖွင့်ခဲ့ကြ
အမွှမ်းတင်တဲ့ ကဗျာတွေကိုသီ
လွမ်းချင်းအလီလီ ဆင်ခဲ့ရပြီ
မြင်တာကို မြင်နေသရွေ့
မမြင်တာကို မမြင်သေးသရွေ့
တငွေ့ငွေ့လောင်တဲ့ ဖွဲမီးနှယ်
သောကတွေ လွယ်နေရဦးမှာပါပဲ…………..။ ။
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
Sunday, May 20, 2012







No response to “လောက အထုပ္ပတ္တိ”
Post a Comment