သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊ သောကော ရောဂေါ ၀ိနဿတု။ မာ တေ ဘ၀န္တန္တရာယာ၊ သုခီဒီဃာယုကော ဘ၀။ (အာဋာနာဋိယသုတ်)

နွေဦးကိုနှုတ်ဆက်တဲ့ဆောင်း

“နွေဦးကိုနှုတ်ဆက်တဲ့ဆောင်း”
နေနိုင်ရက်စက် စိမ်းကားရက်တယ်လို့
သောကဒိုင်ယာယီမှာ
မျက်ရည်စတွေနဲ့ မရေးပါနဲ့
အဖော်ကွဲနေရတဲ့စည်းမှာ
တမ်းတခြင်းကိုအဖော်ပြုရင်း
သတိရခြင်းရင်ခွင်မှာမှေးစက်
အေးစက်နိုင်လို့တော့မဟုတ်ပါဘူး
လိုအပ်ခြင်းတွေနဲ့ပဲ
ဘ၀ဟာ အသားကျနေပါပြီ
နွေဦးဆီရောက်လာတဲ့တဲ့ဆောင်းဟာ
ခွဲခွာဖို့ကြမ္မာကို သယ်လာတာမို့
တော်ရာနေရတဲ့ ဘ၀တွေမှာ
ဆွတ်ပျံ့လွမ်းမောခြင်းတွေနဲ့အတူ
ပျော်ပါစေကွယ်…….။            ။
သူ (သရက်)
Sunday, June 03, 2012

တစ်ဆိတ်စာ ရိက္ခာကိုရှာမိခြင်း


“တစ်ဆိတ်စာ ရိက္ခာကို ရှာမိခြင်း”
တရားရှာရင်း
တရားကိုလှောင်
အမှားပေါင်း သောင်းခြောက်ထောင်နဲ့ ငါပျော်နေပြီ
နေ့ရက်တွေသာပွားများ
တရားရှာတာ အလကားပါနဲ့
ကိုယ့်ကိုယ်ကို သညာပျောက်
ရိုးသားခြင်းကိုချေဖျောက်
နာမည်တောက်ဖို့လည်း ငါကျိုးစားနေပြီ
မှန်ကိုကြည့်ရင်း တစိမ့်စိမ့်တွေး
လေ၀င့်တိုင်းပြေးသွား
တယ်ဟုတ်တဲ့ ငါပါလားလို့
ရွှေခွက်ကို ပဲဝက်နဲ့ကုန်ထားတဲ့ သဘောတရားကို
အသက်သွင်းချင်နေပြီ
ချီးမွမ်းမယ်ဆို
လူမိုက်သောင်းကို ကြိုမယ်
အပြစ်ပြောမယ့် သူတော် ဘေးချော်ရော့ဟဲ့
သြော်….ငါ……ငါ
မတော်ရာ မလျော်ရာနဲ့
ဘ၀ကိုစခန်းသွား
နေတောင်ဝင်တော့မယ်
ကောင်းကောင်းအိပ်စက်ဖို့ မပြင်မိလိုက်ဘူး။
                                                                                              သူ (သရက်)
                                                                                      Sunday, June 03, 2012

လူ

          “လူ”
မတူညီတဲ့ဘ၀တွေ မွေးဖွားလာတော့
ပေတံတွေ ကားလိပ်ချပေးရမယ်
ရောင်စုံ ဂဏန်းတွေမှာ
တူညီတဲ့ရသနဲ့ မျှတတဲ့အဖြေရှိတယ်
ညှိယူဖို့မူဝါဒတွေရှင်သန်ရအောင်
ယမနေရုပ်မှ မဟုတ်တာကွယ်
လူအဆင့်နဲ့ ဖက်မတန်တဲ့
နှိမ်ချဖို့အတွေး လျော်ရာပြေး ဝေးစေတော့
စာနာစိတ်နဲ့
ကူညီရိုင်းပင်းဖို့
အားကျစိတ်နဲ့
အတုယူဖို့
လေးစားစိတ်နဲ့
တွဲလျှောက်ဖို့
လာ … တို့အတူကြိုးစားစို့ …။            ။
           သူ (သရက်)
          5 March 2012

ခေါင်းဆောင်ကောင်းတို့ ကျင့်စဉ် (၃)

ခေါင်းဆောင်ကောင်းတို့  ကျင့်စဉ် (၃)
အောက်လက်ငယ်သားကို အကာကွယ်ပေးတတ်ခြင်း
(သို့)
တာဝန်ယူတတ်ခြင်း
          ဘုရားလောင်းဖြစ်တော်စဉ်ဘ၀ ပါရမီဖြည့်စဉ်ကာလများကို ဂရုတစိုက်ကြည့်မည်ဆိုပါ အနစ်နာခံခြင်း သဘောတရားကို အထင်ရှားတွေ့နိုင်ပါသည်။ ထိုအနစ်နာခံခြင်းကို ပါရမီတစ်ပါးအနေဖြင့် ကျင့်ဆောင်ခြင်းကိုလည်း တွေ့မြင်ရပြန်သည်။ တစ်နည်းအားဖြင့်ကြည့်သော် မိမိနောက်လိုက်များအတွက် ကိုယ်ကျိုးစွန့်ကာ အကာကွယ်ပေးခြင်းမျိုးကို ရဲရဲဝံ့ဝံ လုပ်ဆောင်ခြင်းကို တွေ့ရသည်။ အောက်လက်ငယ်သားအပေါ် အလေးထား အကာကွယ်ပေးခြင်းများသည်ယနေ့ခေါင်ဆောင်များသာမက ခေတ်အဆက်ဆက် ခေါင်းဆောင်များအားလုံး လေးစားလိုက်နာသင့်၏။ ကျင့်သုံးသင့်၏။
          မည်သည့်အတွက် ခေါင်းဆောင်ဖြစ်လာကြသနည်း၊ ဖြစ်လာရသနည်းဟု စဉ်းစားကြည့်သော် သာမန်လူတို့ထက် သာလွန်သည့် အချက်များကြောင့်ဖြစ်၏။ ထိုသာလွန်သည့် အချက်များဆိုသည်မှာ အကျင့်အားဖြင့်လည်းဖြစ်နိုင်၏။ ပညာအားဖြင့်လည်း ဖြစ်နိုင်၏။ အနစ်နာခံမှုလည်း ဖြစ်နိုင်၏။ အဓိကအားဖြင့် မေတ္တာနှင့်ကရုဏာကို အခြေခံထား၍ အမြော်အမြင်ပညာနှင့်ပြည့်စုံသော အပြောအဆိုနှင့် လုပ်ရပ်တို့ဖြစ်ဖိုသာလိုသည်။ မည်သည့်အနေထားတွင် ရောက်နေစေကာမူ အဆိုပါပေတံတို့ဖြင့် မည်ကဲ့သို့သော ခေါင်းဆောင်ဖြစ်သည်ကို တိုင်းတာနိုင်သည်။ မှတ်ကျောက်တင်နိုင်သည်။
          ခေါင်းဆောင်သည် အကျင့်သိက္ခာတို့နှင့် ပြီးပြည့်စုံလှသော သူတော်ကောင်း ဖြစ်ကောင်းမှဖြစ်ပေမည်။ သို့ရာတွင် အမျိုးထိလျှင် မချိအောင်နာတတ်၏။ တစ်နည်းအားဖြင့်မူ မိမိနောက်လိုက်တို့အပေါ် အန္တရာယ်ကျရောက်လာမူ ခေါင်းမရှောင်တတ်၊ ကောင်းကောင်းဦးဆောင်တတ်သည်။ အစွမ်းကုန် အကာကွယ်ပေးတတ်သည်။
          နယ်ပယ်တစ်ခုတွင်ရှိသော ခေါင်းဆောင်သည် အခြားနယ်ပယ်တစ်ခုအတွက် အမှိုက်ပင်ဖြစ်စေကာမူ မိမိနယ်ပယ်တွင်တော့ ရွှေပင်ဖြစ်၏။ အများကိုးစားခံရ၏။ သို့ရာတွင် အားလုံးအတွက်ဖြစ်သော ခေါင်းဆောင်သည်ကား နယ်ပယ်အကန့်အသတ်မရှိ ရွှေဖြစ်၏။ အကြောင်းမှာ ကျောသားရင်သား မခွဲခြား၊ အားလုံးအပေါ်တွင် တူညီသည့်သဘောထား ရှိသောကြောင့်ဖြစ်သည်။
*****
          တရံရောအခါတွင် နောက်လိုက်ငါးရာစီရှိသော သမင်များကို ဦးဆောင်သည့် သမင်ခေါင်းဆောင် နှစ်ကောင်တို့သည် အမျိုးတုံးပျက်စီးမည့်ဘေးဆိုး ကပ်ဆိုးကြီးကို တွေ့ကြုံရလေသည်။
သမင်သားအစားကျူးသော ရှင်ဘုရင်သည် မိမိဝန်ထမ်းများသာမက တိုင်းသူပြည်သာများကိုပါ တောလိုက်ထွက်ရန် မကြာခဏဆင့်ခေါ်လေ့ရှိသောကြောင့် တိုင်းသူပြည်သားတို့ အလုပ်ပျက်ကြ၍ စီးပွားရေး ထိခိုက်ကြရသည်။ ပြည်သူများတိုင်ပင်ပြီး တောသမင်များကို ထောင်ချောက်ဆင်ကာ ဘုရင့်ဥယျာဉ်တော်အတွင်း ရောက်အောင်သွင်းပြီး အခိုင်အခံ့ပိတ်လှောင်ထားကြ၏။ သို့နှင့် တိုင်းသူပြည်သားများ အလုပ်ပျက်ခံစရာမလိုတော့ဘဲ ရှင်ဘုရင်သည် သမင်သားကို လွယ်လင့်တကူ နေ့စဉ်စားနိုင်သော်လည်း သမင်တို့မှာကား ဘေးဆိုးကပ်ဆိုးကြီးဖြစ်တော့သည်။
           တစ်ခါတစ်ရံတွင် ရှင်ဘုရင်ကိုယ်တိုင် သမင်ကိုသတ်၍ ရံခါတွင်မူ စာဖိုမှူးကသတ်ရ၏။ လှောင်အိမ်ထဲရောက်နေသော သမင်တို့သည် တွေ့မြင်ရာအကောင်ကို သတ်လေ့ရှိသောကြောင့် အသတ်မခံရရန် ပြေးလွှားကြ၏။ ထိုကြောင့် တစ်ကောင်နှစ်တစ်ကောင် ထိခိုက်မိရာ ဒဏ်ရာပြင်းစွာလည်းရကြ၏။ သေလည်းသေကြ၏။  အသက်ရှင်နေသမျှ ကောင်းကောင်းမွန်မွန် နေထိုင်ရှင်သန်နိုင်စေရန် သမင်ခေါင်းဆောင်တို့ အဖြေရှာချက်ကား နှစ်ဖက်လုံးမှာရှိသော သမင်တို့သည် သတ်မှတ်ထားသောနေရာတွင် အလှည့်ကျအသတ်ခံရန်ဖြစ်လေသည်။
          တစ်နေ့တွင် ကိုယ်ဝန်ရှိသော သမင်မတစ်ကောင်သည် အသတ်ခံဖို့ အလှည့်ကျရောက်လာသည်။ မိမိအသက်သေရမည်ကို မမှုသော်လည်း လောကထဲကိုပင် ရောက်မလာသေးသည့် ရင်သွေးအတွက်ကား ရတက်မအေးနိုင်ဖြစ်နေ၏။ တိရစ္ဆာန်ဖြစ်သော မိဘသည်လည်း မိဘသည်သာဖြစ်၏။ အထီး-အမမှန်း မသိခင်မှာပင် ရိုးတွင်းချဉ်ထိ ချစ်စိတ်တွေပေါက်ဖွားလာသည်။ မိမိသွေးမှပင်ဖြစ်သော ကိုယ်ပွားလေးများပင် မဟုတ်ပါလား။
          ကိုယ်ဝန်ဆောင် သမင်မသည် မိမိပြဿနာကို ခေါင်းဆောင်ကိုတင်ပြသည်။ မီးဖွားပြီးမှ အသတ်ခံရပါစေ၊ အခုမိမိကို အလှည့်ကျော်ပေးပါဟူ၏။ အသက်တစ်ချောင်းကို အစားထိုးရန်မှာ မဖြစ်နိုင်ကြောင်း၊ ကတိအတိုင်း ကိုယ့်အလှည့်တွင် ကိုယ်သာအသတ်ခံရန် ဆုံးဖြတ်ပေးလိုက်သည်။ ကြံရာမရသော သမင်မသည် အခြားတစ်ဖက်တွင်ရှိသော သမင်ခေါင်းဆောင်ထံသွားပြန်သည်။ မိဘသည် သား-သမီးအတွက် တစ်ခါဘူးမျှမလုပ်လူးသောအလုပ်ကိုပင် လုပ်ရန်ဝန်မလေးကြ၊ အောက်ကျနောက်ကျခံရဖို့ဆိုလည်း ထည့်မတွက်တတ်ကြပေ။ သား-သမီးများ သိတတ်ရန်ဖြစ်ပေသည်။
          တစ်ဖက်ခေါင်းဆောင်ထံ အကူညီတောင်းရန်ရောက်သွားသော သမင်မကို အဆိုပါခေါင်းဆောင်က မေတ္တာပြည့်သောအကြည့် ကရုဏာဖုံးသော အပြုံးတိုဖြင့်နှစ်သိမ့်လိုက်သည်။ အေးအေးဆေးဆေးအနားယူ၍ ချမ်းသာစွာဖြင့်မီးဖွားရန် အားပေးစကားပြောကြားလိုက်သည်။ ခေါင်းဆောင်ကောင်း၏ နောက်လိုက်ဖြစ်ရခြင်းကြောင့်ရသော ချမ်းသာခြင်း၏ သင်္ကေတကို သမင်မသည် အခုမှ သဘောပေါက်ရတော့သည်။
          မှန်၏။ သူတစ်ဦး အသက်ရှင်ဖို့ အခြားသူတစ်ယာက်၏ အသက်တစ်ချောင်းကို အစားထိုးဖို့ဆိုသည်မှာလည်း မလျော်ကန်သော ကိစ္စဖြစ်၏။ တာဝန်ယူလိုက်သော ခေါင်းဆောင်သည် မိမိအသက်ကိုပင် အစားထိုးရန်ဆုံးဖြတ်လိုက်၏။ ဗုဒ္ဓမြတ်စွာ၏ တရားတော်အရ သတ္တ၀ါအားလုံးသည် အသက်ဘေးမှ ကြောက်ကြသည်ချည်းဖြစ်၏။ အလားတူပင် မိမိကိုယ်ကိုသာ အချစ်ဆုံးဖြစ်၏။ ခေါင်းဆောင်ကောင်းတို့၏ တာဝန်သိစိတ်၊ တာဝန်ယူစိတ်ကား အံ့ဖွယ်အတိဖြစ်သည်။ ကိုယ်တိုင်ပင်အသတ်ခံရန်အတွက် သတ်မှတ်ထားသော နေရာကိုသွားကာ အသင့်စောင့်နေလိုက်သည်။
          သမင်သတ်ရန်လာသော စားဖိုမှူးသည် တွေ့လိုက်ရသော မြင်ကွင်းကြောင့် မင်သက်မိသွားသည်။ အခါတိုင်းတွင် ဘာအတွေးမျှ မတွေးဘဲ လွယ်လင့်တကူ သတ်သွားလေ့ရှိသော လက်မရွံ့ စားဖိုမှူးသည် တစ်စုံတစ်ရာ ချွတ်ချော်သွားခြင်းကြောင့် မိမိအသက်အိုးအိမ် ပျက်စီးမည်ကိုတော့ ကြောက်၏။ မှန်ပေသည်။ ယခု အသတ်ခံရန် စောင့်ဆိုင်းနေသူမှာ သမင်တို့၏ ခေါင်းဆောင်နှစ်ကောင်အနက်မှ တစ်ကောင်ဖြစ်သည်။ ရွှေအဆင်းရှိကြ၍ ရှင်ဘုရင်ကိုယ်တိုင် အသက်ချမ်းသာခွင့်ပေးထားသော သမင်ခေါင်းဆောင်များဖြစ်ကြသည်။
          စားဖိုမှူး၏ အကြောင်းစုံလျှောင်တင်ချက်ကြောင့် ဘုရင်ကိုယ်တိုင် ဥယျာဉ်တော်ကို ကြွလာသည်။ အသက်ဘေးကြောင့်ပင်ဖြစ်စေကာမူ လက်မလွန်ခင် တင်ပြတတ်သော စားဖိုမှူးကဲ့သို့ နောက်လိုက်များကိုလည်း အလေးထားဖို့ရန်ဖြစ်သည်။ လူ့သမိုင်းတစ်လျောက်တွင် အခါနှောင်းမှ သိလိုက်ကြရသည့် လက်အောက်ငယ်သားတို့၏ လုပ်ရပ်များကြောင့် အကြီးအကျယ် ဆုံးရှုံးခဲ့ရဖူးသည်။ ဥပမာအားဖြင့် “သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ တစ်ယောက်သူမှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည်း…….” အစချီသည့် ဂန္ထ၀င်ကဗျာကို ရေးစပ်ခဲ့သည့်  အနန္တသူရိအမတ်၏ ဖြစ်ရပ်မျိုး ဖြစ်ပေတော့သည်။
          အသက်ချမ်းသာခွင့်ကို ပေးထားပါလျှက်နဲ့ အလှည့်ကျအသတ်ခံအောင် လာရသည့်အကြောင်းကို မေးမြန်းရာ သမင်ခေါင်းဆောင်သည် အကျိုးအကြောင်း ပြန်လည်ပြောပြ၏။ ရှင်ဘုရင်သည် တာဝန်ယူသင့်သည်ကို တာဝန်ယူတတ်သော အောက်လက်ငယ်သားအပေါ် စာနာထောက်ထားသော အနစ်နာခံတတ်သော ခေါင်းဆောင်ကောင်းတို့ စိတ်ဓာတ်ကိုလေးစားသွားသည်။ တိရစ္ဆာန်ပင်ဖြစ်စေကာမူ သူတော်ကောင်းတရားကို ကျင့်သုံးနိုင်သည့် သမင်ကို အတိုင်းထက်အလွန် ကြည်ညိုသွားသည်။
          သမင်းအပေါင်းကို အစပြုကာ ကုန်းနေ၊ရေအောင်း လေတွင်ကျက်စား တိရစ္ဆာန်အားလုံးတို့ ဘေးမဲ့ပေးခြင်းခံရကုန်သည်။ ခေါင်းဆောင်ကောင်းတို့၏ အပြုအမူနှင့် လုပ်ရပ်တို့သည် အားလုံး၏ လေးစားဖွယ်ရာဖြစ်သည်။ လိုက်နာကျင့်သုံးဖွယ်ဖြစ်သည်။ လက်ရှိပစ္စက္ခမှာပင် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြရသည်။
          တာဝန်ယူတတ်သော ခေါင်းဆောင်သမင်သည် ဘုရားအလောင်းဖြစ်၍၊ တာဝန်မဲ့ပြုတတ်သော ခေါင်းဆောင်မှာ ဒေ၀ဒတ်အလောင်း ဖြစ်လေသည်။ ဤဇာတ်တော်တွင် လောကအတွက် အနစ်နာခံတတ်သော ခေါင်းဆောင်ကောင်း၏ သဘောထားနှင့် အသာစံလိုသော ခေါင်းဆောင်အမည်ခံ ခေါင်းရှောင်တတ်သူ၏ သဘောသဘာဝကိုလည်း တွေ့မြင်ရသည်။
ဘုရားအလောင်းတော်၏ ဖြစ်စဉ်ဘ၀များကို သုံးသပ်၍ ပညာရှိ သူတော်ကောင်းတို့သည် ဘုရားရှင်အား ဘုရားဖြစ်မှ ကြည်ညိုကြသည်မဟုတ်၊ ဘုရားလောင်းဘ၀ ပါရမီဖြည့်စဉ်ကာလ နုစဉ်ဘ၀ ကတည်းကပင် အလောင်းတော်၏ စိတ်ဓာတ်နှင့် လုပ်ရပ်တို့ကို ကြည်ညိုပြီး ဖြစ်သောဟူ၏။ မှန်၏။ လူသည် အကောင်း-အဆိုး၊ အကျိုး-အပြစ်ကို ကောင်းကောင်းသိမှသာလျင် ပီဘိလူဖြစ်နိုင်၏။ အပေါ်ယံမျှ ကောက်ချက်ချပြီး ပြုမူလုပ်ဆောင်ချေက တစ်သက်လုံး လူဖြစ်ရှုံးနိုင်ပေသည်။
*****
          ခေါင်းဆောင်းကောင်းတို့မည်သည် ဆွေမျိုးတို့၏အရေးကိုလည်း လျစ်လျူမရှုအပ်ပေ။ ဤသဘောတရားကို မင်္ဂလသုတ်တွင် “ဥာတကာနဉ္စ သင်္ဂဟော= ဆွေမျိုးတို့အား ချီးမြှင့်ထောက်ပံ့ခြင်းသည် မင်္ဂလာဖြစ်၏” ပြထား၏။ ထို့အတူ ရတနသုတ်တွင် ကျင့်ဆောင်ရမည့်တရား သုံးမျိုးကိုပြဆိုရာတွင် “ဥာတတ္ထစရိယ= ဆွေမျိုးသားခြင်းတို့၏ အကျိုးကို ဆောင်ရွက်ခြင်း”သည် တစ်ပါးအပါအ၀င်ဖြစ်သည်။ ဘုရားရှင်ကိုယ်တိုင်ပင် ဆွေတော်မျိုးတော်တို့ အရေးအတွက် စစ်မဖြစ်ဖို့ရန် ၀ိဋ္ဋဋူဘမင်းထံ မေတ္တာရပ်ခံဘူးသည်ကို အများသိကြပြီးဖြစ်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် လောကအကျိုး-သံသရာအကျိုး နှစ်မျိုးလုံးပါဝင်၏။ လောကအကျိုးဆိုသည်မှာ မျက်မှောက်ချမ်းသာရေးဖြစ်သည်။ သံသရာအကျိုးဆိုသည်မှာ ဘာသာရေးကို ဆိုလိုခြင်းဖြစသည်၏။ မိမိအမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်ရမည်ဖြစ်၏။ ယနေ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးလိုက်နာပါသည်ဆိုသော နိုင်ငံကြီး/ငယ်များ အပါအ၀င် ဘာသာကိုနိုင်ငံအဖြစ် ကိုယ်စားပြုထားသော နိုင်ငံများအားလုံးတွင် လူအခွင့်အရေးသမား စသူတို့ပြောဆိုနေသော ဘာသာရေးလွတ်လပ်ခွင့်ဆိုသည်မှာ ဘယ်ပုံစံလဲဟု မေးခွန်းထုတ်ရအောင်ဖြစ်နေသည်။ နိုင်ငံရပ်ခြားတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေထိုင်သော ဗုဒ္ဓဘာသာ မြန်မာများ အားလုံးသိပြီးဖြစ်သည်။ ကိုယ်တွေ့ကြုံဖူးကြပြီးလည်းဖြစ်သည်။ ခေါင်းဆောင်တို့မည်သည် နောက်လိုက်တို့၏ အကျိုးကိုဆောင်ရာတွင် ယနေ့ကမ္ဘာတွင် ဖြစ်-ပျက်နေသာ အကြောင်းအရာများနှင့်အညီ ဝေဖန်ကျင့်သုံးသင့်သည်။ ဆိုလိုသည်မှာ ခြောက်တိုင်းကြောက်ရမည်မဟုတ်ဘဲ မြှောက်တိုင်းလည်း မြောက်ရမည်မဟုတ်ပေ။ လူတိုင်းတွင် ကိုယ့်အိမ်ကိုယ့်စည်းကမ်းဖြစ်၍၊ ကိုယ့်နိုင်ငံ ကိုယ့်မူဝါဒသာဖြစ်သည်ကို ရှင်းရှင်းလင်းလင်း မြင်ရမည်ဖြစ်သည်။
ဆွေမျိုးအကျိုးဆောင်သည်နှင့် စပ်လျဉ်း၍ ခေါင်းဆောင်ကောင်းတို့ လုပ်ဆောင်ချက်ကို ကုက္ကုရဇာတ်တွင်တွေ့ရ၏။ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်း အုပ်ချုပ်စဉ် ဘုရားလောင်းသည် အကြောင်းအားလျော်စွာ ခွေမျိုး၌ဖြစ်၍ ခွေတို့၏ အကြီးအကဲဖြစ်နေသည်။ တစ်နေ့တွင် ဘုရင်စီးသော ရထားတွင် အသုံးပြုသည့် သားရေတို့ကို ဘုရင်နှင့် ဆွေတော်မျိုးတော်များ မွေးမြူထားသည့် နန်းတွင်ခွေးတို့သည် ခိုးစားကြသည်။ အမျိုးယုတ်သူသည် မြင့်မြတ်သောနေရာကို ရောက်နေစေကာမူ ဗီဇကိုမစွန့်နိုင်သောကြောင့် မကောင်းသော အမူအကျင့်များကိုသာ ကျင့်လေ့ရှိ၏။
ရထားပျက်စီး၍ ဒေါသထွက်သော ရှင်ဘုရင်သည် သားရေတို့ကို ခွေးများစားသည်ဟုသာ အပေါ်ယံဆုံးဖြတ်၍ ခွေးမှန်သမျှသတ်စေ၏။ သို့ရာတွင် အမှန်တကယ်စားသော နန်းတွင်းခွေးများကား ချွင်းချက်အဖြစ် လွှတ်လေ၏။ ခွေးများသည် သေဘေးမှ ကြောက်လန့်သည်ဖြစ်၍ ဘုရားအလောင်းခွေးမင်းထံ ချဉ်းကပ်ကြ၍ အမျိုးတုံးသတ်ဖြတ်နေသော ဘေးမှလွတ်မြောက်ရန် တောင်းဆိုကြသည်။
ဆွေမျိုးအရေးအတွက် ဘုရားအလောင်းတော်သည် အန္တရာယ်အမျိုးမျိုးကို ကျော်ဖြတ်ကာ ရှင်ဘုရင်ထံရောက်အောင်သွား၏။ အဂတိတရား မလိုက်စားဘဲ တရားအတိုင်းသာ စီရင်ရန်တောင်းဆိုပြီး ဆွေမျိုးများကို ကယ်တင်ခဲ့ဖူးသည်။ 
သားသမီးအရေးသည် မိဘအရေးသာဖြစ်၏။ သားသမီးဘေးသည် မိဘဘေးသာဖြစ်၏။ ထို့အတူ နောက်လိုက်အရေးသည် ခေါင်းဆောင့်အရေးသာဖြစ်၏။ နောက်လိုက်တို့၏ ပြဿနာအထွေထွေ စား၊၀တ်၊နေရေး မပြေလည်မှုသည် ခေါင်းဆောင်အား တိုက်ရိုက်သက်ဆိုင်ပေသည်။ အကြီးအကဲအဖြစ် တင်မြောက်သည်မှာ နောက်လိုက်တို့၏ အသက်-အိုးအိမ်း-စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်သည်။ ထိုကြောင့် ခေါင်းဆောင်သည် ခေါင်းဆောင်တာဝန်ကို ယူတတ်သော၊ ယူနိုင်စွမ်းရှိသောသူ ဖြစ်ဖို့လိုပါသည်။ နိဂုံးချုပ်အားဖြင့် ခေါင်းဆောင်ဆိုသည်မှာ တာဝန်သိသူ၊ တာဝန်ရှိသူ၊ တာဝန်ယူနိုင်သူ၊ တာဝန်ယူနိုင်စွမ်းရှိသူ ဖြစ်ရမည်ဟု အထက်ပါ ဖြစ်စဉ်များက မီးမောင်းထိုးပြထားသည်။ လောကသည် ထိုကဲ့သို့သော လူမျိုးကိုသာ လိုအပ်၍၊ ထိုကဲ့သို့သော လူမျိုးသည်လည်း လိုအပ်လို့လုပ်ရသည် မဖြစ်ရပေ။ လုပ်သင့်လို့၊ လုပ်ထိုက်လို့၊ လုပ်နိုင်လို့ လုပ်ရသူသာဖြစ်ရပေမည်။
မေတ္တာဖြင့်-
အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                25 April 2012
ရည်ညွှန်း။       ။
နိဂြောဓမိဂဇာတ်၊
ကုက္ကုရဇာတ်၊
ပုံတော်စုံ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထု၊ ပ-တွဲ၊ ညောင်ကန်ဆရာတော်။

တမာခါးခါး ဘ၀ခါးခါး


“တမာခါးခါး ဘ၀ခါးခါး”
မိုးကြီးသွန်ချ မဲမှောင်ကျရွာ
မနေသာဘူး
စားရင်းထပြေး ညဥ့်ချဉ်းမအေး
မီးပုံးကိုယူ ၀မ်းကိုကူဖို့
နွားနှင့်သာပင် ပျိုးခင်းဝင်ခဲ့။
သွားချင်းရိုက်ခတ် ချမ်းခိုက်ခိုက်တုန်
စောင်မခြုံဘူး
ကျောပြဲအင်္ကျီ ခါးဝတ်ဖာရာသီနဲ့
ဝမ်းဝရေးတဲ့
နှင်းထုကိုခွဲ
လုပ်ငန်းခွင်ထဲ ရောက်ခဲ့ပြီ။
နွေနေ့လည်ဆူ ပူထက်ပူရော့
လူ့ကံထူးလှ လ,မြူးရတယ်
ရင်ဝယ်ပိုက်ထွေး သည်ဝမ်းရေးမို့
ခြေ၀တ်တန်ဆာ ဗလာနတ္ထိ
ခါးဝတ်စတိနဲ့ လုပ်ငန်းခွင်ဝင်
ငါမှငါပင် ကိုးရာမြင်ဘူး။
ဇိမ်ခံပစ္စည်း ချို(ဂျို)နဲ့ပြီးလား
မကွဲပြားဘု
ခွန်တုတ်ကလူ မင်းမာန်မူလည်း
ငါ့နွားလောက်မှ မှီရာမရ။
ကုန်းဝယ်လယ်စိုက် သုံးထပ်စိုက်တဲ့
မိုးနဲ့သက်ရှင်
တို့လယ်သာခွင် တစ်ကြောင်းယဉ်ကို
ထပ်ထပ်ပင်စိုက် သီး-ညှပ်လိုက်တဲ့….။
သေစာ-ရှင်စာ
ဖတ်နိုင်ကာမျှ ဒို့ဘ၀ကို
လှေနံဓားချ ပုံသေကျနဲ့
ဘာဘာညာညာ နည်းပညာတဲ့
စာထဲစိုက်ပျိုး သီးထွက်တိုးတယ်
လက်တွေ့အလုပ်နဲ့ဒို့ဟာ
ယာတောကိုမွှေ
လယ်တောကြီး-သေ ညက်ညက်ကျေပြီ
နည်းသစ်ဆန်းနဲ့ ပျိုးခင်းကြမ်းဖို့
ထယ်ရေးကိုဝင် ပီဘိပညာရှင်ရယ်
ကိုယ့်ခါးကိုယ် ကလိထိုး
နှစ်ပြားဖိုးမတန်အောင်
ရယ်လိုက်ချင်ရဲ့…။
ဘိုးဘွားပိုင်မြေ ဒို့လယ်တွေဟာ
မိုးကိုမော်ရ
ဥတုသာမျှ
ရာသီကျမှ
ကံချဖြေရှာ
မရေရာဘူး။
သူ့ဆန်စားလားေ၀၀ါးဝါးနဲ့
နဝေတိမ်တောင် လမ်းညွှန်ကြောင်မှောင့်
လုပ်ငန်းခွင်ဆင်း
မိုးတွင်းမလျော်
နွေဝယ်မသင့်
ဆောင်းချင့်မကြုံ
သီးနှံစုံလည်း
ထပ်ထပ်စိုက်ပျိုး
တိုးထက်တိုးလာ ဘ၀ဆိုးမှာဖြင့်
လမ်းညွှန်ရမှ စုံကန်းရပြီ
ဖောင်စီး ရေငတ်
အလုပ်ဇယ်ဆတ်ပေမယ့်
ပါးစပ်နဲ့လက်ပြတ်လု
ပိုမျိုးထုရှစ်ဆယ်
ဟစ်တိုင်ရစ်အော်ပြီ
မင်းနားတစ်ထောင်
မကြားယောင်တကား….။       ။
                                                  သူ (သရက်)
                                                     Friday, May 25, 2012
အညာမြေတစ်နေရာမှ တောင်သူတို့ဘ၀ကို ရည်ညွှန်းသည်။

ကျေးလက်မြင်ကွင်း ကျေးလက်ရှုခင်း-၅

   မကွေးတိုင်းဒေသကြီး အထက်မင်းလှမြို့အတွင်းရှိ ရေတွင်းကြီးကျေးရွာအုပ်စု/ရွာ၊ ရွာဦး ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စနစ်တကျ စိုက်ပျိုးထားသည် သက်တမ်း(၂၀)ကျော်ခန့်ရှိသော ကျွန်းပင်များဖြစ်သည်။

လောက အထုပ္ပတ္တိ

“လောက အထုပ္ပတ္တိ”
မုန်တိုင်းထန်တဲ့ ရက်တွေမှာ
လေပြေလာဖို့ မျှော်ခဲ့ဖူးတယ်
ပျော်ရွှင်နေချိန်ဆို
ငိုရဖို့ကို သံသယပွားမိတယ်
မုန်တိုင်းရှိလို့ လေပြေရှိတာလား
ပျော်လို့ ငိုရမှာလား
အချစ်ကြောင့် အမုန်းဖြစ်ရသလား
သောကမိုးတွေကိုနှစ်သိမ့်ဖို့
နေသာတဲ့အချိန်တွေ မွေးဖွားလာသလား
အခြားရဲ့တစ်ဖက်ကို မြင်ကြည့်ရင်
အခြားတစ်ခုလည်း ရှိနေတာပဲ
တစ်ဖက်သတ်အမြင်နဲ့
ဘ၀ကိုရှင်သန်ဖို့ ကြိုးစားရင်း
အဓိပ္ပာယ်တွေလည်း အမျိုးမျိုးဖွင့်ခဲ့ကြ
အမွှမ်းတင်တဲ့ ကဗျာတွေကိုသီ
လွမ်းချင်းအလီလီ ဆင်ခဲ့ရပြီ
မြင်တာကို မြင်နေသရွေ့
မမြင်တာကို မမြင်သေးသရွေ့
တငွေ့ငွေ့လောင်တဲ့ ဖွဲမီးနှယ်
သောကတွေ လွယ်နေရဦးမှာပါပဲ…………..။              ။
                                                                      အရှင်ဥတ္တမာနန္ဒ (ပေရာဒေနိယတက္ကသိုလ်)
                                                                        Sunday, May 20, 2012